YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4:13-34

ရှင်မာကုခရစ်ဝင် 4:13-34 MSBU

ထို့နောက် ကိုယ်တော်​က“ဤ​ပုံ​ဥပမာ​ကို​နား​မ​လည်​ကြ​သလော။ သို့ဖြစ်လျှင် သင်​တို့​သည် ပုံ​ဥပမာ​အားလုံး​ကို မည်ကဲ့သို့​နားလည်​ကြ​မည်နည်း။ မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။ တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။ ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ​၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​ကြ​၏။ အချို့​တို့​မူကား ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​ကြ​၏။ ဤ​သည်​ကား တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။ ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဆီမီး​ကို တောင်း​အောက်​၊ သို့မဟုတ် ခုတင်​အောက်၌​ထား​ရန် ယူလာ​လေ့​ရှိ​သလော။ ဆီမီးခုံ​ပေါ်၌​ထား​ရန် ယူလာ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကို​ပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။ သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။ မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။ အသီး​မှည့်​သောအခါ ရိတ်သိမ်း​ချိန်​ရောက်လာ​သည်​ဖြစ်၍ သူ​သည် ချက်ချင်း​တံစဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။ ၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။ စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။

Video for ရှင်မာကုခရစ်ဝင် 4:13-34