ရှင်မာကု 3:1-6
ရှင်မာကု 3:1-6 Judson Bible (JBMLE)
တရားဇရပ်သို့ တစ်ဖန် ဝင်တော်မူ၍၊ ထိုဇရပ်၌ လက်တစ်ဖက်သေသောသူ တစ်ယောက်ရှိ၏။- ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။- ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ချင်း တိုင်ပင်ကြ၏။
ရှင်မာကု 3:1-6 Common Language Bible (BCL)
သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။- ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။- ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။- ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။ သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။- ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။- ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
ရှင်မာကု 3:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းထဲသို့ တစ်ဖန်ဝင်တော်မူရာ ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၏။ လူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် ဥပုသ်နေ့၌ ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို စောင့်ကြည့်နေကြ၏။ ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား“အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူ၏။ ထို့နောက် လူတို့အား“တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်သလော၊ သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော၊ သို့မဟုတ် သတ်အပ်သလော”ဟု မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။