ရှင်မာကု 2:13-28
ရှင်မာကု 2:13-28 Judson Bible (JBMLE)
နောက်တစ်ဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။- လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။- ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်တို့အား ဆိုကြ၏။- ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။- ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊- ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတစ်ပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော်မုန့်ကို စား၍ မိမိအဖော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။- ထိုမှတစ်ပါး ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည်မဟုတ်။- သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 2:13-28 Common Language Bible (BCL)
ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။- ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။ ထိုနောက်သခင်ယေရှုသည်လေဝိ၏အိမ်တွင် တပည့်တော်တို့နှင့်အတူစားသောက်လျက်ရှိစဉ်၊ အခွန်ခံသူနှင့်အပယ်ခံသူအမြောက်အမြား သည်လည်း ကိုယ်တော်နှင့်လိုက်ပါလာကြသဖြင့် ကိုယ်တော်နှင့်တကွတပည့်တော်တို့နှင့်အတူ စားသောက်လျက်ရှိကြ၏။- ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။ ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။ တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။- သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။ ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။- ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။ ဥပုသ်နေ့၌ကိုယ်တော်သည်တပည့်တော်တို့နှင့် အတူ ဂျုံခင်းကိုဖြတ်၍လျှောက်သွားစဉ်တပည့် တော်တို့သည်ဂျုံနှံများကိုဆွတ်ခူးကြ၏။- ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။- ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဒါဝိဒ်မင်းသည်ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါးမည်သူမျှ မစားထိုက်သောရှေ့တော်မုန့်ကိုစား၍ မိမိ အပေါင်းအဖော်များအားလည်းထိုမုန့်ကို ပေးဖူးသည်မဟုတ်လော'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``လူ၏အကျိုးငှာဥပုသ် နေ့ကိုပြဋ္ဌာန်းထား၏။ ဥပုသ်နေ့၏အကျိုးငှာ လူကိုဖန်ဆင်းထားသည်မဟုတ်။- သို့ဖြစ်၍လူသားသည်ဥပုသ်နေ့၏အရှင် ဖြစ်တော်မူ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
ရှင်မာကု 2:13-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် နောက်တစ်ဖန် ပင်လယ်ကမ်းနားသို့ကြွတော်မူရာ လူထုပရိသတ်အပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် သူတို့ကိုသွန်သင်တော်မူ၏။ တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။ ကိုယ်တော်သည် လေဝိ၏အိမ်ထဲ၌ထိုင်၍စားသောက်နေတော်မူစဉ် များစွာသောအခွန်ကောက်ခံသူနှင့် အပြစ်သားတို့သည် တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ အကြောင်းမူကား နောက်တော်သို့လိုက်ကြသည့် ထိုသို့သောသူများစွာရှိကြ၏။ ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။ ယေရှုသည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန် ငါလာ၏”ဟု သူတို့အား မိန့်တော်မူ၏။ ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။ သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အသစ်ဖာထားသောပိတ်စသည် အဝတ်အဟောင်းကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။ ထိုနည်းတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ရောသားရေဘူးပါ ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏”ဟု မိန့်တော်မူ၏။ တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် လမ်းသွားရင်း ဂျုံနှံများကိုဆွတ်ခူးကြ၏။ ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူ၌စားစရာမရှိသဖြင့် သူမှစ၍သူနှင့်အတူရှိသောသူတို့သည် ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို မဖတ်ဖူးကြသလော။ သူသည် ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး မည်သူမျှစားခွင့်မရှိသော ရှေ့တော်မုန့်ကိုစားပြီးလျှင် သူနှင့်အတူရှိသောသူတို့ကိုလည်း ပေးခဲ့၏”ဟု မိန့်တော်မူ၏။ တစ်ဖန် သူတို့အား“ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။ သို့ဖြစ်၍ လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်လည်းဖြစ်၏”ဟု မိန့်တော်မူ၏။