YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 2:13-28

ရှင်မာကု 2:13-28 JBMLE

နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။- ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။ အ​စာ​ရှောင်​တတ်​သော ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​တတ်​ကြ​သ​လော။ ရှိ​စဉ်​ကာ​လ​ပတ်​လုံး အ​စာ​မ​ရှောင်​တတ်​ကြ။- မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့်​ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။- ၎င်း​နည်း​ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့် စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်​ဟု မိန့်​တော်​မူ၏။ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်​လျက် ခ​ရီး​သွား​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည် ပြု​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဗျာ​သာ​လက်​ထက်၌ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ ဆာ​မွတ်၍ မ​တတ်​နိုင်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။- ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။- သို့​ဖြစ်၍ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 2:13-28 အကြောင်း ဗီဒီယိုများ