YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 2:13-28

ရှင်မာကုခရစ်ဝင် 2:13-28 MSBU

ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။ တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။ ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် အစာရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ အစာ​မ​ရှောင်​နိုင်​ကြ​ပေ။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့် နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။ မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အသစ်​ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​အဟောင်း​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံနှံ​များ​ကို​ဆွတ်ခူး​ကြ​၏။ ထိုအခါ ဖာရိရှဲ​တို့​က “သူ​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ကိုယ်တော်​အား မေး​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​၌​စားစရာ​မ​ရှိ​သဖြင့် သူ​မှစ၍​သူ​နှင့်အတူ​ရှိ​သော​သူ​တို့​သည် ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ယဇ်ပုရောဟိတ်​မင်း​အဗျာသာ​လက်ထက်​တွင် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် သူ​တို့​အား“ဥပုသ်နေ့​သည် လူ​အတွက်​ဖြစ်လာ​၏။ လူ​သည် ဥပုသ်နေ့​အတွက်​ဖြစ်လာ​သည်​မ​ဟုတ်။ သို့ဖြစ်၍ လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​လည်း​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် 2:13-28 အကြောင်း ဗီဒီယိုများ