YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 2:1-22

ရှင်မာကု 2:1-22 Judson Bible (JBMLE)

နောက်​တစ်​နေ့​သ၌ ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့ ဝင်​ပြန်၍ အိမ်၌​ရှိ​တော်​မူ​သည်​ကို ကြား​ကြ​လျှင်၊- တံ​ခါး​ပြင်​နား​မှာ နေ​စ​ရာ​မ​ရှိ​နိုင်​အောင် လူ​များ​တို့​သည် အ​လျင်​အ​မြန် စု​ဝေး​ကြ​သည်​ဖြစ်၍ သူ​တို့​အား တ​ရား​ဟော​တော်​မူ၏။- ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌​ထိုင်​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊- ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။- သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။- လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။- ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော့​ဟု သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။ နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။- ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။ အ​စာ​ရှောင်​တတ်​သော ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​တတ်​ကြ​သ​လော။ ရှိ​စဉ်​ကာ​လ​ပတ်​လုံး အ​စာ​မ​ရှောင်​တတ်​ကြ။- မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့်​ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။- ၎င်း​နည်း​ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့် စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 2:1-22 Common Language Bible (BCL)

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​၏။ အိမ်​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​သည့်​သ​တင်း​ကို လူ​တို့​ကြား​ကြ​ကုန်​၏။- ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။- ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။- ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။- သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။- သို့​သော်​လည်း​ထို​အ​ရပ်​မှာ​ထိုင်​လျက်​ရှိ​ကြ သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က၊- ``ဤ​သူ​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ဆို​ပါ​သ​နည်း။ သူ​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ ပြီ။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည် အ​ပြစ်​ကို​ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟူ​၍ တွေး​တော​နေ​ကြ​လေ​သည်။- သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။- လေ​ဖြတ်​သူ​အား​အ​ဘယ်​သို့​ပြော​ရန်​ပို​၍​လွယ်​ကူ သ​နည်း။ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန် ပို​၍​လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ ထ​လော့၊ သင်​၏​ထမ်း​စင်​ကို​ထမ်း​၍​လှမ်း​သွား လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။- လူ​သား​သည်​လော​က​တွင်​အ​ပြစ်​ဖြေ​လွှတ်​ပိုင် သည်​ကို သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက် လက်​ခြေ​သေ​သူ​အား၊- ``နေ​ရာ​မှ​ထ​၍​ထမ်း​စင်​ကို​ထမ်း​၍​အိမ်​သို့​ပြန် လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။- ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။- ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။ ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ တစ်​နေ့​၌​ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ​တို့ သည်​အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​အ​ချို့​တို့​သည် ကိုယ်​တော့်​ထံ​လာ​၍ ``ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​အ​စာ​ရှောင်​ကြ​ပါ​သည်။ အ​ရှင် ၏​တ​ပည့်​များ​မူ​ကား​အ​ဘယ်​ကြောင့်​အ​စာ မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။- သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။ ``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။- ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​စ​ပျစ်​ရည်​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ရည်​နှင့် သား​ရေ​ဘူး​ပါ​ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ရည် သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​ထည့်​ရ​မည်'' ဟု​ထို သူ​တို့​အား​မိန့်​တော်​မူ​၏။

ရှင်မာကု 2:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။ ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။ သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ လေဖြတ်​သော​သူ​အား ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။ တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။ ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် အစာရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ အစာ​မ​ရှောင်​နိုင်​ကြ​ပေ။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့် နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။ မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အသစ်​ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​အဟောင်း​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။