YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 2:1-22

ရှင်မာကုခရစ်ဝင် 2:1-22 MSBU

ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။ ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။ သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ လေဖြတ်​သော​သူ​အား ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။ တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။ ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် အစာရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ အစာ​မ​ရှောင်​နိုင်​ကြ​ပေ။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့် နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။ မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အသစ်​ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​အဟောင်း​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်မူ​၏။

Video for ရှင်မာကုခရစ်ဝင် 2:1-22