ရှင်မာကု 11:1-19
ရှင်မာကု 11:1-19 Judson Bible (JBMLE)
ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသေအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊- သင်တို့ရှေ့၌ ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှ မစီးဖူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ဆောင်ခဲ့ကြ။- သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။- ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟု ဆိုလျှင်၊- ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။- ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- ရှေ့နောက် လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။- ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။ နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။- အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊- ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။ ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊- ဗိမာန်တော်အထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား ဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။- ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
ရှင်မာကု 11:1-19 Common Language Bible (BCL)
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ အနီးသို့ချဉ်းကပ်မိ၍ ဗက်ဖာဂေနှင့်ဗေသနိ ရွာများအနီးရှိသံလွင်တောင်သို့ရောက်ကြ၏။- ထိုအခါကိုယ်တော်သည်တပည့်တော်နှစ်ယောက် အား ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ ရွာထဲသို့ဝင်လျှင် ဝင်ချင်းမည်သူမျှမစီးဘူး သေးသောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့် မည်။ ထိုမြည်းကိုကြိုးဖြင့်လံထား၏။- ကြိုးဖြေ၍မြည်းကိုယူခဲ့ကြလော့။ အကယ်၍ လူတစ်စုံတစ်ယောက်ကသင်တို့အား အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟုမေးလျှင် ထိုမြည်း ကိုအကျွန်ုပ်တို့သခင်အလိုရှိပါသည်။ ချက်ချင်း ပြန်ပို့ပေးပါလိမ့်မည်ဟုပြောကြလော့'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။ ထိုတပည့်တော်နှစ်ယောက်တို့သည်သွား၍ မြည်း ကလေးတစ်ကောင်ကိုလမ်းတွင်အိမ်တစ်အိမ်၏ တံခါးအနီးမှာလံထားသည်ကိုတွေ့သဖြင့် မြည်းကြိုးကိုဖြေကြ၏။- လမ်းမှာရပ်နေသူအချို့က ``မြည်းကြိုးကို အဘယ်ကြောင့်ဖြေကြသနည်း'' ဟုမေးကြ၏။ တပည့်တော်တို့ကသခင်ယေရှုမိန့်မှာတော်မူ သည့်အတိုင်းပြန်ပြောကြသောအခါ ထိုသူတို့ သည်မြည်းကြိုးကိုဖြေခွင့်ပြုကြ၏။- တပည့်တော်တို့သည်မြည်းကလေးကိုသခင် ယေရှုထံတော်သို့ဆောင်ခဲ့ပြီးလျှင် မြည်းကျော ပေါ်မှာမိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။- ထိုနောက်ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။ လူအများပင်မိမိတို့၏ဝတ်လုံများကိုလမ်း ပေါ်မှာဖြန့်ခင်းကြ၏။ အချို့သူများကမူကွင်း များမှခုတ်ယူခဲ့ကြသည့်သစ်ခက်သစ်ရွက်များ ကိုလမ်းမှာဖြန့်ခင်းကြ၏။- ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ နောက်တော် မှလည်းကောင်း၊ လိုက်ပါကြသူလူအပေါင်းတို့ က ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ လော့။ ဘုရားသခင်၏နာမတော်နှင့်ကြွလာ သောအရှင်သည်မင်္ဂလာရှိစေသတည်း။- တည်လတ္တံ့သောငါတို့အဖဒါဝိဒ်၏နိုင်ငံတော် သည်မင်္ဂလာရှိစေသတည်း။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြစေသတည်း'' ဟု ကြွေးကြော်ကြ၏။ သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။ နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့ သည် ဗေသနိရွာမှပြန်လာကြစဉ်ကိုယ်တော် သည်ဆာလောင်မွတ်သိပ်တော်မူ၏။- အရွက်ဝေဆာလျက်ရှိသောသင်္ဘောသဖန်းပင် ကိုအဝေးကမြင်တော်မူလျှင် အသီးတွေ့လို တွေ့ငြားအပင်အနီးသို့ချဉ်းကပ်တော်မူ၏။ သဖန်းသီးပေါ်ချိန်မဟုတ်၍အပင်ပေါ်တွင် အရွက်များသာတွေ့တော်မူ၏။- ထိုအခါကိုယ်တော်က ``နောင်အစဉ်အဆက် သင်၏အသီးကိုအဘယ်သူမျှမစားစေရ'' ဟုသင်္ဘောသဖန်းပင်အားမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်ကိုတပည့်တော်တို့ ကြားကြ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။- ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။- ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။
ရှင်မာကု 11:1-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် ဂျေရုဆလင်မြို့နှင့်နီးကပ်လာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို သင်တို့တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့် ဤသို့ပြုကြသနည်း’ဟု သင်တို့ကိုမေးလျှင် ‘သခင်ဘုရားအလိုရှိသည်။ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါလိမ့်မည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည်ထွက်သွား၍ လမ်းဘေးအိမ်တံခါးတွင်ချည်ထားသော မြည်းကလေးတစ်ကောင်ကိုတွေ့သဖြင့် ၎င်းကိုကြိုးဖြေကြ၏။ ထိုအခါ ထိုနေရာ၌ရပ်နေသောသူအချို့တို့က “မြည်းကလေးကိုကြိုးဖြေ၍ ဘာလုပ်နေကြသနည်း”ဟု မေးကြ၏။ သူတို့ကလည်း ယေရှုမိန့်မှာတော်မူသည့်အတိုင်း ပြန်ပြောကြရာ ထိုသူတို့သည်ခွင့်ပြုကြ၏။ ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းအပေါ်၌ သူတို့၏အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ထိုမြည်းကိုစီးတော်မူ၏။ များစွာသောလူတို့သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား ကွင်းပြင်မှသစ်ခက်သစ်ရွက်များကိုခုတ်လာ၍ ခင်းကြ၏။ ရှေ့မှသွားသောသူတို့နှင့် နောက်မှလိုက်သောသူတို့က “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ ပေါ်ထွန်းတော့မည့် ငါတို့အဖဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်၍ ဗိမာန်တော်သို့ကြွတော်မူ၏။ အရာရာတို့ကို လှည့်လည်ကြည့်ရှုတော်မူပြီးလျှင် ညနေချမ်းအချိန်ရောက်ပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ဗေသနိရွာသို့ကြွတော်မူ၏။ နောက်တစ်နေ့၌ ဗေသနိရွာမှ သူတို့ထွက်ခွာကြသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ ထိုစဉ် အရွက်များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးမှမြင်၍ ထိုအပင်၌ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား အပင်ရှိရာသို့ကြွတော်မူ၏။ သို့သော် ရောက်တော်မူသောအခါ သဖန်းသီးပေါ်ချိန်မဟုတ်သောကြောင့် ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှတွေ့တော်မမူချေ။ ထိုအခါ ထိုအပင်အား“သင့်ထံမှအသီးကို ယခုမှစ၍ ကာလအစဉ်အဆက် မည်သူမျှ မစားရပါစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းကြားကြ၏။ သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။ ထို့ပြင် ဗိမာန်တော်ကိုဖြတ်၍ ကုန်ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ ကိုယ်တော်သည် သူတို့အားသွန်သင်လျက်“ ‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထိုအကြောင်းကိုကြားသိသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြ၏။ မှောင်ရီပျိုးစချိန်ရောက်လာသောအခါ ယေရှုနှင့်တပည့်တော်တို့သည် မြို့ပြင်သို့ထွက်သွားကြ၏။