YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 11:1-19

ရှင်မာကုခရစ်ဝင် 11:1-19 MSBU

သူ​တို့​သည် ဂျေရုဆလင်​မြို့​နှင့်​နီးကပ်​လာ​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်လျှင်ဝင်ချင်း​မည်သူ​မျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့် ဤသို့​ပြု​ကြ​သနည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်။ ဤ​နေရာ​သို့ ချက်ချင်း​ပြန်​ပို့ပေး​ပါ​လိမ့်မည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။ ထိုအခါ ထို​နေရာ​၌​ရပ်​နေ​သော​သူ​အချို့​တို့​က “မြည်း​ကလေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သနည်း”​ဟု မေး​ကြ​၏။ သူ​တို့​က​လည်း ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြန်ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်ပြု​ကြ​၏။ ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​အပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ထို​မြည်း​ကို​စီး​တော်မူ​၏။ များစွာ​သော​လူ​တို့​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား ကွင်းပြင်​မှ​သစ်ခက်​သစ်ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။ ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ ပေါ်ထွန်း​တော့​မည့် ငါ​တို့​အဖ​ဒါဝိဒ်​၏​နိုင်ငံ​တော်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​၍ ဗိမာန်​တော်​သို့​ကြွ​တော်မူ​၏။ အရာရာ​တို့​ကို လှည့်လည်​ကြည့်ရှု​တော်မူ​ပြီးလျှင် ညနေချမ်း​အချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ နောက်တစ်နေ့​၌ ဗေသနိ​ရွာ​မှ သူ​တို့​ထွက်ခွာ​ကြ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။ ထိုစဉ် အရွက်​များ​ဝေဆာ​နေ​သော သဖန်းပင်​တစ်​ပင်​ကို အဝေး​မှ​မြင်​၍ ထို​အပင်​၌ တစ်စုံတစ်ခု​တွေ့​လို​တွေ့​ငြား အပင်​ရှိ​ရာ​သို့​ကြွ​တော်မူ​၏။ သို့သော် ရောက်​တော်မူ​သောအခါ သဖန်းသီး​ပေါ်​ချိန်​မ​ဟုတ်​သောကြောင့် ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။ ထိုအခါ ထို​အပင်​အား“သင့်​ထံမှ​အသီး​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် မည်သူမျှ မ​စား​ရ​ပါစေ​နှင့်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။ သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်ထုတ်​ကာ ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​၏။ ထို့ပြင် ဗိမာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်ဆောင်​ရန် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ။ ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက်“ ‘ငါ့​အိမ်​သည် လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”​ဟု မိန့်​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထို​အကြောင်း​ကို​ကြားသိ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​သောကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​၏။ မှောင်ရီပျိုးစချိန်​ရောက်လာ​သောအခါ ယေရှု​နှင့်​တပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။