ရှင်မာကု 10:1-31
ရှင်မာကု 10:1-31 Judson Bible (JBMLE)
ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊- ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့ စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊- သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့် ကွာစေခြင်းငှာ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။- ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။- ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊- ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။- ဘုရားသခင် တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။ နောက်တစ်ဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။- မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့် စုံဖက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ ထိုအခါ သူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော်တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။- ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊- သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။ လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊- ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည် တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်းမောတွေဝေခြင်း ရှိကြ၏။ တစ်ဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကို မှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- ကုလားအုတ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။- ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ ထိုအခါ၊ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။- ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မာကု 10:1-31 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော် မူ၍ ယုဒပြည်သို့ကြွတော်မူပြီးလျှင်ယော်ဒန် မြစ်ကိုကူးတော်မူ၏။ လူပရိသတ်တို့သည်အထံ တော်သို့တစ်ဖန်လာရောက်စုရုံးကြပြန်၏။ ကိုယ်တော် သည်အလေ့တော်ရှိသည့်အတိုင်းသူတို့အားဟော ပြောသွန်သင်တော်မူ၏။ ထိုအခါဖာရိရှဲတို့သည်အထံတော်သို့လာ ၍ ``လူတစ်စုံတစ်ယောက်သည်မိမိ၏မယားနှင့် ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍ မေးလျှောက်ကြ၏။ ကိုယ်တော်က ``မောရှေသည်သင်တို့အားမည်သို့ ပညတ်သနည်း'' ဟုပြန်၍မေးတော်မူ၏။ သူတို့က ``မယားကိုဖြတ်စာနှင့်ကွာရှင်းရန် မောရှေခွင့်ပြုပါသည်'' ဟုဖြေကြားကြ၏။ သခင်ယေရှုက ``သင်တို့သည်အပြောရခက်သူ များဖြစ်၍ မောရှေသည်ဤပညတ်ကိုရေးသား ထားခဲ့ခြင်းဖြစ်၏။- လောကကိုဖန်ဆင်းတော်မူစကပင်ဘုရား သခင်သည် ယောကျာ်းနှင့်မိန်းမကိုဖန်ဆင်းတော် မူ၏။- ဤအကြောင်းကြောင့်ယောကျာ်းသည်ကိုယ့်မိဘကို စွန့်၍ မိမိဇနီးနှင့်ပေါင်းသင်းနေထိုင်လိမ့်မည်။- ထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်း ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည်နှစ် ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။- ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ မခွာစေနှင့်'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့သည်အိမ်သို့ပြန်ရောက်ကြ သောအခါ ဤအကြောင်းအရာကိုထပ်မံ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။- ကိုယ်တော်က ``မိမိဇနီးကိုကွာ၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြု သူသည် မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏။- ထိုမှတစ်ပါးမိမိခင်ပွန်းကိုကွာ၍ အခြား အမျိုးသားတစ်ယောက်နှင့်အိမ်ထောင်ပြုသော အမျိုးသမီးသည်လည်း မိမိခင်ပွန်း၏အိမ်ရာ ကိုပြစ်မှား၏'' ဟုမိန့်တော်မူ၏။ လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် အထံတော်သို့ခေါ်ခဲ့ကြ၏။ သို့ရာတွင်တပည့် တော်တို့သည်ထိုသူတို့ကိုအပြစ်တင်ကြ၏။- သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။- အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။- ထိုနောက်ကိုယ်တော်သည်ကလေးသူငယ်တို့ ကိုချီပွေ့တော်မူလျက် သူတို့အပေါ်တွင်လက် တော်ကိုတင်၍ကောင်းချီးပေးတော်မူ၏။ သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``သင်သည်အဘယ်ကြောင့် ငါ့ ကိုကောင်းမြတ်သည်ဟုဆိုသနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။- သူ့အိမ်ရာကိုမပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး နှင့်၊ မမှန်သောသက်သေကိုမခံနှင့်၊ လိမ်လည် လှည့်စားမှုကိုမပြုနှင့်၊ မိဘကိုရိုသေမြတ် နိုးလော့ဟူသောပညတ်တော်များကိုသင်သိ သည်မဟုတ်လော'' ဟုမိန့်တော်မူ၏။ ထိုသူက ``ဆရာတော်၊ ဤပညတ်များကိုအကျွန်ုပ် သည်ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုပြန် လည်လျှောက်ထား၏။ သခင်ယေရှုသည်ထိုသူကိုမေတ္တာဖြင့်စေ့စေ့ကြည့် လျက် ``သင့်မှာလိုနေသောအရာတစ်ခုရှိသေး၏။ သွားလော့။ သင်၏ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲ သူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့စွန့်ကြဲပြီးမှလာ၍ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။- ထိုသူကားဥစ္စာပစ္စည်းများစွာကြွယ်ဝသူဖြစ် သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ မျက်နှာညှိုးငယ်၍စိတ်မချမ်းမသာဖြစ်လျက် ထွက်ခွာသွားလေ၏။ သခင်ယေရှုသည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူပြီးနောက် ``ဥစ္စာကြွယ်ဝသူများသည်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်နိုင်ရန်ခက်လှ၏'' ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်ကိုယ်တော်၏စကားကို ကြားလျှင် လွန်စွာအံ့သြကြ၏။ တစ်ဖန်သခင် ယေရှုက ``ငါ့သားတို့၊ ဘုရားသခင်၏နိုင်ငံ တော်သို့ဝင်နိုင်ရန်ခက်လှ၏။- အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန် လွယ်ကောင်း လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်သို့ဥစ္စာ ကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ်'' ဟုမိန့်တော် မူ၏။ တပည့်တော်တို့သည်အံ့သြတွေဝေကြလျက် ``ဤ သို့ဖြစ်ဘိမူ၊ အဘယ်သူသည်ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း'' ဟုအချင်းချင်းပြောဆို ကြ၏။ သခင်ယေရှုသည်သူတို့ကိုစေ့စေ့ကြည့်တော်မူ ၍ ``ဤအမှုကိုလူမတတ်နိုင်သော်လည်းဘုရား သခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။ ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံတို့ကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ ကြပါပြီ'' ဟုကိုယ်တော်အားလျှောက်ထား၏။ သခင်ယေရှုက ``အမှန်အကန်ငါဆိုသည်ကား ငါ့အတွက်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် လည်းကောင်း၊ အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးကိုစွန့်သောသူသည်၊- ဤဘဝ၌ညှဉ်းဆဲခြင်းနှင့်တကွအဆတစ်ရာ မျှသော အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သား သမီးများကိုရရှိလိမ့်မည်။ ထို့ပြင်နောင်ဘဝ ၌ထာဝရအသက်ကိုရလိမ့်မည်။- သို့ရာတွင်အဦးဆုံးကျသူများသည်နောက်ဆုံး ကျလိမ့်မည်။ နောက်ဆုံးကျသူအများကလည်း အဦးဆုံးကျလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်မာကု 10:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ “လင်ယောက်ျားသည် မိမိမယားကိုကွာရှင်းခြင်းမှာ တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင် သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် သူသည် ဤပညတ်ချက်ကို သင်တို့အတွက်ရေးခဲ့ခြင်းဖြစ်၏။ သို့သော် ဖန်ဆင်းခြင်း၏အစအဦးကပင် ဘုရားသခင်သည် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။ ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။ ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ယေရှုကလည်း“ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။ ‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။ ထိုသူကလည်း “ဆရာ၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။ ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာတို့ကို သွား၍ရောင်းပြီးလျှင် ဆင်းရဲသားတို့အားပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။ ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်၏စကားကိုအံ့အားသင့်ကြ၏။ သို့သော် ယေရှုက“ချစ်သားတို့၊ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။ ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု ထပ်မံ၍မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ပို၍ပင်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။ ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။ ယေရှုက“သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင် ထိုသူသည် ယခုဘဝ၌ ညှဉ်းဆဲခြင်းများပါလျက် အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။ သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။