YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 10:1-31

ရှင်မာကုခရစ်ဝင် 10:1-31 MSBU

ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့ တစ်ဖန်​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည်​လည်း ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မောရှေ​သည် သင်​တို့​ကို မည်ကဲ့သို့​ပညတ်​ထား​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင် သူ​တို့​က “ဖြတ်စာ​ကို​ရေး​၍ ကွာရှင်း​ရန် မောရှေ​က ခွင့်ပြု​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် သူ​သည် ဤ​ပညတ်​ချက်​ကို သင်​တို့​အတွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။ သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။ ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် အိမ်​ထဲ၌​ရှိ​စဉ် ဤ​အကြောင်းအရာ​ကို ကိုယ်တော်​အား ထပ်မံ​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် ထို​မိန်းမ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ မယား​သည်​လည်း မိမိ​၏​ခင်ပွန်း​နှင့်​ကွာရှင်း​၍ အခြား​ယောက်ျား​နှင့်​ထိမ်းမြား​စုံဖက်​လျှင် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ ယေရှု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အမျက်​တော်​ထွက်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ကလေး​သူငယ်​တို့​ကို​ပွေ့ချီ​၍ သူ​တို့​အပေါ်၌ လက်​တော်​တင်​လျက် ကောင်းချီး​ပေး​တော်မူ​၏။ ကိုယ်တော်​သည် လမ်း​၌​ကြွ​တော်မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူးထောက်​ကာ “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။ ထို​သူ​က​လည်း “ဆရာ၊ အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် ထို​သူ​ကို​စူးစိုက်​ကြည့်​လျက် သူ့​အပေါ်​မေတ္တာ​ထား​၍“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​တို့​ကို သွား​၍​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား​ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည်​ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် မျက်နှာ​ညှိုးငယ်​၍ ဝမ်းနည်း​လျက်​ထွက်သွား​လေ​၏။ ထိုအခါ ယေရှု​သည် ပတ်ပတ်လည်​သို့​ကြည့်ရှု​လျက်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​၏​စကား​ကို​အံ့အားသင့်​ကြ​၏။ သို့သော် ယေရှု​က“ချစ်​သား​တို့၊ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။ ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု ထပ်မံ​၍​မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ပို၍​ပင်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ဤ​အရာ​သည် လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက်​မူကား ထိုသို့​မ​ဟုတ်။ အကြောင်းမှာ ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည်​ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မည်သူမဆို ငါ့​အတွက်​နှင့် ကောင်းမြတ်​သော​သတင်း​အတွက် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​လျှင် ထို​သူ​သည် ယခု​ဘဝ​၌ ညှဉ်းဆဲ​ခြင်း​များ​ပါ​လျက် အဆ​တစ်ရာ​သော​အကျိုး​တည်းဟူသော အိမ်​များ၊ မြေယာ​များ၊ ညီအစ်ကို​မောင်နှမ​များ၊ အမိ​များ၊ သားသမီး​များ​ကို ခံစား​ရ​လျက် နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​ရရှိ​လိမ့်မည်။ သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။