YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:25-33

ရှင်မဿဲ 6:25-33 Judson Bible (JBMLE)

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။- မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- အ​ဝတ်​အ​ဖို့၌ အ​ဘယ်​ကြောင့် စိုး​ရိမ်​ရ​သ​နည်း။ တော​နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။- သို့​သော်​လည်း ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး၏ အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏ အ​ဝတ်​ကို​မ​မီ​ဟု ငါ​ဆို၏။ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​သောက်​ရ​အံ့​နည်း။ အ​ဘယ်​သို့ ဝတ်​ရ​အံ့​နည်း​ဟူ၍ မ​စိုး​ရိမ်​ကြ​နှင့်။ ထို​အ​ရာ​များ​ကို သာ​သ​နာ​ပ​လူ​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။- ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သိ​တော်​မူ၏။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။

ရှင်မဿဲ 6:25-33 Common Language Bible (BCL)

``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။- မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။- သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ကြောင့်​ကြ​ခြင်း အား​ဖြင့် မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း​ငယ်​မျှ​ပို ၍​ရှည်​စေ​နိုင်​သ​နည်း။ ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊- သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။- ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။ ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။- (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။

ရှင်မဿဲ 6:25-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။ ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။