YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:25-33

ရှင်မဿဲခရစ်ဝင် 6:25-33 MSBU

သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။ ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။

​ရှင်မဿဲခရစ်ဝင် 6:25-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။