YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6

6
စွန့်ကြဲခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
1 သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။
2 ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ 3သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။ 4ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။
ဆုတောင်းခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
5 သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ 6သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ 7ထို့ပြင် သင်​တို့​ဆုတောင်း​သောအခါ သာသနာပ​လူမျိုးခြား​တို့​ကဲ့သို့ တတွတ်တွတ် အချည်းနှီး​မ​ရွတ်ဆို​ကြ​နှင့်။ သူ​တို့​သည် များစွာ​သော​စကား​တို့​ကို​ရွတ်ဆို​လျှင် သူ​တို့​ကို နားထောင်​ပေး​လိမ့်မည်​ဟု ထင်မှတ်​ကြ​၏။ 8သို့ဖြစ်၍ သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လိုအပ်​သော​အရာ​များ​ကို သိ​နှင့်​တော်မူ​၏။
ပတ္ထနာတော်
9 ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ 10နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အလို​တော်​သည် ကောင်းကင်​ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်၌​လည်း ပြည့်စုံ​ပါစေသော။ 11အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို ယနေ့​ပေး​သနား​တော်မူ​ပါ။ 12အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ 13ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။]
14 သင်​တို့​သည် သူတစ်ပါး​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​လျှင် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကို ခွင့်လွှတ်​တော်မူ​လိမ့်မည်။ 15သို့သော် သင်​တို့​သည် သူတစ်ပါး​ကို​ခွင့်​မ​လွှတ်​လျှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်။
အစာရှောင်ခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
16 သင်​တို့​သည် အစာရှောင်​ကြ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မျက်နှာ​ညှိုးငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​အစာရှောင်​နေ​ကြောင်း လူ​တို့​ရှေ့၌​ထင်ရှား​စေရန် မျက်နှာ​ရှုံ့မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ 17-18သို့သော် သင်​သည် အစာရှောင်​သောအခါ မိမိ​အစာရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့၌​မ​ထင်ရှား​စေ​ဘဲ မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ရှေ့​တော်​၌​သာ ထင်ရှား​စေရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်နှာ​ကို​သစ်​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။
ကောင်းကင်၌ဥစ္စာဘဏ္ဍာကိုသိုမှီးခြင်း
19 ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။ 20ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။ 21အကြောင်းမူကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​၏​စိတ်နှလုံး​လည်း ရောက်​တတ်​၏။
22 မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။ 23သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။
24 မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။
မစိုးရိမ်နှင့်
25 သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ 26မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။ 27သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။
28 အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ 29သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ 30ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။ 31ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။ 32အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ 33ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ 34ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။