YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5

5
တောင်ပေါ်ဒေသနာတော်
1ယေရှု​သည် လူထု​ပရိသတ်​များ​ကို​မြင်​သောအခါ တောင်​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ 2ထိုအခါ နှုတ်​တော်​ကို​ဖွင့်​၍ သူ​တို့​အား သွန်သင်​တော်မူ​သည်​မှာ
မင်္ဂလာရှိသူများ
3 “စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ 4ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။ 5နူးညံ့​သိမ်မွေ့​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အမွေ​ဆက်ခံ​ရ​ကြ​လိမ့်မည်။#ဆာ 37:11။ 6ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ 7သနား​ကြင်နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် သနား​ကြင်နာ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ 8စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။ 9ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ 10ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။
11 ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 12ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။
ကမ္ဘာမြေ၏ဆား၊ လောက၏အလင်း
13 သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။
14 သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။ 15ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။ 16ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။
ပညတ်တရားကျမ်းကိုပြည့်စုံစေသောခရစ်တော်
17 ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​ကို ပယ်ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်စုံ​စေရန်​သာ ငါ​လာ​၏။ 18သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ကောင်းကင်​နှင့်​မြေကြီး​မ​ကွယ်ပျောက်​မီ​တိုင်အောင်၊ အရာ​အားလုံး​မ​ပြည့်စုံ​မချင်း ပညတ်​တရား​ကျမ်း​ထဲမှ အသေးဆုံး​အက္ခရာ​၊ သို့မဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ 19ထို့ကြောင့် ဤ​ပညတ်​ချက်​များ​ထဲမှ အသေးငယ်ဆုံး​တစ်​ခု​ကို​ဖောက်ဖျက်​၍ သူတစ်ပါး​ကို​လည်း ထိုနည်းတူ​သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ သို့သော် ၎င်း​ကို​ကျင့်သုံး​၍ သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ ကြီးမြတ်​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ 20အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။
လူသတ်ခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
21 ‘လူ​မ​သတ်​ရ။ မည်သူမဆို လူ​သတ်​လျှင် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။ 22သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။ 23ထို့ကြောင့် ယဇ်ပလ္လင်​၌ သင်​၏​ပူဇော်သက္ကာ​ကို​ဆက်သ​မည်​ပြု​စဉ် သင်​၏​ညီအစ်ကို​သည် သင့်​အား အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​ကြောင်း သင်​သတိရ​လျှင် 24သင်​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​တွင်​ထားခဲ့​ပြီး သင်​၏​ညီအစ်ကို​ထံသို့ ဦးစွာ​သွား​၍ သူ​နှင့်​ပြန်လည်​သင့်မြတ်​အောင်​ပြု​လော့။ ထို့နောက်မှ ပြန်လာ​၍ သင်​၏​ပူဇော်သက္ကာ​ကို ဆက်သ​လော့။ 25သင်​သည် သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်မြတ်​အောင် အလျင်အမြန်​ပြု​လော့။ သို့မဟုတ်​ပါက ထို​တရားစွဲဆို​သူ​သည် သင့်​ကို တရားသူကြီး​ထံ​အပ်​၍ တရားသူကြီး​သည် အစောင့်​တပ်သား​ထံ​အပ်​သဖြင့် သင်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​လိမ့်မည်။ 26သင့်​အား ငါ​အမှန်​ဆို​မည်။ နောက်ဆုံး​ကွတ်ရန်တေး​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်။
အိမ်ထောင်ရေးဖောက်ပြန်မှုနှင့်ဆိုင်သည့် သွန်သင်ချက်
27 ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ’ # ထွ 20:14၊ တရား 5:18။ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ 28သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။ 29သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ 30သင်​၏​လက်ယာ​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​သို့​မ​လား​ရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။
ကွာရှင်းခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
31 ‘မိမိ​မယား​ကို​ကွာရှင်း​သော​သူ​သည် ထို​မယား​အား ဖြတ်စာ​ကို​ပေး​စေ’ # မ 19:7၊ မာ 10:4၊ တရား 24:1။ ဟု​လည်း ပြော​ထား​၏။ 32သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။
ကတိသစ္စာပြုခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
33 တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ # ဝတ် 19:12၊ တော 30:2၊ တရား 23:21။ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ 34သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။ 35မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။#ဟေရှာ 66:1။ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။ 36သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။ 37သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။
လက်တုံ့ပြန်ခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
38 ‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ # ထွ 21:24၊ ဝတ် 24:20၊ တရား 19:21။ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ 39သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ 40သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ 41သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ 42သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။
ရန်သူကိုချစ်လော့
43 ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ # ဝတ် 19:18။ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ 44သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ 45သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။ 46သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။ 47ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။ 48သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။