YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:45-56

ရှင်မဿဲ 27:45-56 Judson Bible (JBMLE)

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- ထို​အ​ရပ်၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ချက်​ချင်း​ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လေ၏။- ကြွင်း​သော​သူ​တို့​က၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။- သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊- ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။- ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။- ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​နှင့် ယော​သေ​တို့၏ အ​မိ​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ၏​သား​တို့၏​အ​မိ ပါ​ကြ​သ​တည်း။

ရှင်မဿဲ 27:45-56 Common Language Bible (BCL)

မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။- မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​သော​အ​သံ နှင့်​မိန့်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း'' ဟူ​၏။ အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် ``သူ​သည်​ဧ​လိ​ယ​ကို​ခေါ်​နေ​၏'' ဟု​ဆို ကြ​၏။- ထို​သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​ချက်​ချင်း​ပြေး ၍​ပင်​လယ်​ရေ​မြှုပ်​ကို​ယူ​ကာ​ပုံး​ရည်​ကို​စုပ်​ပြီး​လျှင် ထို​ရေ​မြှုပ်​ကို​ကူ​ရိုး​ဖျား​တွင်​ပတ်​၍​ကိုယ်​တော် သောက်​ရန်​ပေး​လေ​၏။ အ​ခြား​သော​သူ​တို့​က ``ရှိ​စေ​တော့။ သူ့​ကို​ကယ်​ရန် ဧ​လိ​ယ​လာ​မ​လာ​ကို​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​ကျယ်​စွာ​ဟစ်​အော်​တော်​မူ ပြီး​လျှင်​အ​သက်​ချုပ်​တော်​မူ​၏။- ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။ မြေ​င​လျင် လှုပ်​၏။ ကျောက်​ဆောင်​များ​ပြို​ကွဲ​ကြ​၏။- သင်္ချိုင်း​ဂူ​များ​ပွင့်​လစ်​သ​ဖြင့်​သေ​လွန်​ပြီး​သူ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​မြောက် အ​မြား​ပင်​ရှင်​ပြန်​ထ​မြောက်​ကြ​ကုန်​၏။- သ​ခင်​ယေ​ရှု​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ထို​သူ​တို့​သည်​သင်္ချိုင်း​ထဲ​မှ​ထွက်​လာ​ကာ သန့်​ရှင်း သော​မြို့​တော်​သို့​ဝင်​သွား​ကြ​သ​ဖြင့်​လူ​အ​များ ပင်​သူ​တို့​ကို​တွေ့​မြင်​ကြ​၏။ တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ ထို​အ​ရပ်​တွင်​အ​ဝေး​က​ရပ်​လျက်​ကြည့်​နေ​သော အ​မျိုး​သ​မီး​များ​ရှိ​၏။ သူ​တို့​သည်​ကား​ဂါ​လိ​လဲ ပြည်​မှ​သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့​လိုက်​၍​လုပ် ကျွေး​သ​မှု​ပြု​ကြ​သူ​များ​တည်း။- ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။

ရှင်မဿဲ 27:45-56 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍ ဖြစ်​၏။ ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။ သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။ သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။ ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။ တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။