YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 27:45-56

ရှင်မဿဲခရစ်ဝင် 27:45-56 MSBU

မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍ ဖြစ်​၏။ ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။ သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။ သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။ ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။ တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။