YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:36-46

ရှင်မဿဲ 26:36-46 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ ငါ​သည် ဟို​အ​ရပ်​သို့ သွား၍ ဆု​တောင်း​စဉ်​တွင် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ ငါ​နှင့်​အ​တူ​စောင့်၍ နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်၍ သူ​တို့​သည် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊ သင်​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ ငါ​နှင့်​အ​တူ​စောင့်၍​နေ​ခြင်း​ငှာ ဤ​သို့​မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်၍​မ​သွား​ရ​လျှင် ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​ပြန်၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ လာ၍ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သူ​တို့​ကို​ထား​ခဲ့၍ တစ်​ဖန်​သွား​ပြီး​လျှင် ရှေ့​မြွက်​ဆို​သည်​နည်း​တူ သုံး​ကြိမ်​မြောက်​အောင် ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 26:36-46 Common Language Bible (BCL)

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊- ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊- ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။- ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။- စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။- ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။- ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 26:36-46 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။