YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 26:36-46

ရှင်မဿဲခရစ်ဝင် 26:36-46 MSBU

ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။

​ရှင်မဿဲခရစ်ဝင် 26:36-46 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။