ရှင်မဿဲ 10:1-23
ရှင်မဿဲ 10:1-23 Judson Bible (JBMLE)
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာလည်းကောင်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာလည်းကောင်း အခွင့်ပေးတော်မူ၏။- တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊- ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊- ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။- ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။- သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။- နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။- ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။- လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။- ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာ ရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။- အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။- ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတ္တံ့။- တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။- လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။- ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တို့သည် ရကြလိမ့်မည်။- အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- ထိုအခါ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။
ရှင်မဿဲ 10:1-23 Common Language Bible (BCL)
သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးသောတပည့် တော်တို့ကိုအထံတော်သို့ခေါ်တော်မူပြီးနောက် ညစ်ညမ်းသောနတ်များကိုနှင်ထုတ်နိုင်ရန်နှင့် ရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန် တန်ခိုးအာဏာကိုပေးအပ်တော်မူ၏။- တမန်တော်တစ်ဆယ့်နှစ်ပါး၏နာမည်များကား ပေတရုခေါ်ရှိမုန်နှင့်သူ့ညီအန္ဒြေ၊- ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြသောယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံသူမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲ၊- မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။ တမန်တော်တစ်ကျိပ်နှစ်ပါးတို့အားသခင်ယေရှု သည်အောက်ပါသြဝါဒများကိုပေး၍စေလွှတ် တော်မူ၏။ ``သင်တို့သည်လူမျိုးခြားများနေထိုင် ရာဒေသများနှင့်ရှမာရိမြို့များသို့မသွား ကြဘဲ၊- သိုးပျောက်များဖြစ်သောဣသရေလအမျိုးသား တို့ထံသို့သွား၍၊- သူတို့အား `ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ' ဟုဟောပြောကြလော့။- မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။- ခါးပန်းတွင်ရွှေ၊ ငွေ၊ ပိုက်ဆံတို့ကိုမဆောင်ကြနှင့်။- အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။ ``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။- အိမ်သို့ဝင်သောအခါမင်္ဂလာရှိပါစေဟူ၍ နှုတ်ခွန်းဆက်ကြလော့။- ထိုအိမ်သူအိမ်သားတို့သည်ထိုက်တန်သူများဖြစ် လျှင် သင်တို့ပေးသည့်ကောင်းချီးမင်္ဂလာသည်သူတို့ အပေါ်သက်ရောက်လိမ့်မည်။ ထိုသို့ခံစားထိုက်သူ များမဟုတ်ပါမူသင်တို့၏ကောင်းချီးမင်္ဂလာသည် သင်တို့ထံသို့ပြန်လည်ရောက်ရှိလာလိမ့်မည်။- သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။ ``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။- သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။- သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။- ထိုသူတို့လက်သို့အအပ်ခံရသောအခါမည်သို့ ပြောဆိုရမည်၊ မည်သည့်စကားကိုပြောရမည်ကို ကြိုတင်၍မစိုးရိမ်ကြနှင့်။- သင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်၌ ပင်သင်တို့ရရှိကြလိမ့်မည်။ ယင်းစကားများသည် သင်တို့၏စကားများမဟုတ်။ သင်တို့အဖဘုရား ၏ဝိညာဉ်တော်ကသင်တို့အားဖြင့်မိန့်တော်မူသော စကားများဖြစ်လိမ့်မည်။ ``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။- သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။- သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
ရှင်မဿဲ 10:1-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ ညစ်ညူးသောနတ်တို့ကိုနိုင်ရသောအခွင့်အာဏာကို သူတို့အားပေးတော်မူ၏။ ဤသည်ကား ထိုနတ်တို့ကိုနှင်ထုတ်စေရန်နှင့် ရောဂါအမျိုးမျိုးမှစ၍ အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေရန်အတွက်ဖြစ်၏။ တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။ အစ္စရေးအမျိုး၏ပျောက်ဆုံးသော သိုးများထံသို့သာ သွားကြလော့။ သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။ နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။ သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။ လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။ မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။ ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။ မည်သူမျှ သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအိမ်၊ သို့မဟုတ် ထိုမြို့ပြင်သို့ထွက်သွားကြစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့။ သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။ နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။ လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။ သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။ သူတို့သည် သင်တို့ကိုအပ်နှံကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား သင်တို့ပြောဆိုရမည့်အရာကို ထိုအချိန်နာရီ၌ပင် သင်တို့ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။ ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။