ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ ညစ်ညူးသောနတ်တို့ကိုနိုင်ရသောအခွင့်အာဏာကို သူတို့အားပေးတော်မူ၏။ ဤသည်ကား ထိုနတ်တို့ကိုနှင်ထုတ်စေရန်နှင့် ရောဂါအမျိုးမျိုးမှစ၍ အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေရန်အတွက်ဖြစ်၏။ တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။ အစ္စရေးအမျိုး၏ပျောက်ဆုံးသော သိုးများထံသို့သာ သွားကြလော့။ သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။ နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။ သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။ လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။ မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။ ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။ မည်သူမျှ သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအိမ်၊ သို့မဟုတ် ထိုမြို့ပြင်သို့ထွက်သွားကြစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့။ သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။ နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။ လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။ သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။ သူတို့သည် သင်တို့ကိုအပ်နှံကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား သင်တို့ပြောဆိုရမည့်အရာကို ထိုအချိန်နာရီ၌ပင် သင်တို့ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။ ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ရှင်မဿဲခရစ်ဝင် 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 10:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို