ရှင်လုကာ 20:41-47
ရှင်လုကာ 20:41-47 Judson Bible (JBMLE)
ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။- ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု၊- ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊- ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ ကြီးစွာသောဒဏ်ကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်လုကာ 20:41-47 Common Language Bible (BCL)
ကိုယ်တော်သည်ထိုသူတို့အား ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ်ကြောင့် ဆိုကြသနည်း။- ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌ `ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။ သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏' ဟုဆိုချေသည်။- ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။ ကိုယ်တော်သည်လူပရိသတ်များနားထောင် နေစဉ်တပည့်တော်တို့အား။- ``ကျမ်းတတ်ဆရာတို့ကိုသတိနှင့်ရှောင်ကြ လော့။ သူတို့သည်ဝတ်လုံများကိုဝတ်၍ပလွှား သွားလာလိုကြ၏။ စျေးရပ်ကွက်တွင်အလေး ပြုခြင်းကိုခံလိုကြ၏။ တရားဇရပ်များတွင် သီးသန့်ထားသောနေရာများကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများကိုလည်းကောင်းနှစ်သက်ကြ၏။- မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 20:41-47 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်က“ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု မည်သို့ပြောဆိုနိုင်ကြမည်နည်း။ အကြောင်းမူကား ဒါဝိဒ်ကိုယ်တိုင်သည် ဆာလံကျမ်းတွင် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ လူအပေါင်းတို့သည် နားထောင်လျက်နေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။ သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်”ဟု မိန့်တော်မူ၏။