ရှင်လုကာ 17:4-37
ရှင်လုကာ 17:4-37 Judson Bible (JBMLE)
တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။ တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်၊- သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ အစေအပါသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွား ကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။- ထိုအစေအပါကို၊ ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။- ထိုအစေအပါသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူးမတင်။- ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။- ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။- ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။- ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။- ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊- လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊- လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။- လောတ၏မယားကို အောက်မေ့ကြလော့။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ ရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်လုကာ 17:4-37 Common Language Bible (BCL)
တစ်နေ့တည်းတွင်ခုနစ်ကြိမ်တိုင်တိုင်သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင်သင့်ထံသို့ လာလျက် `အကျွန်ုပ်နောင်တရပါပြီ' ဟုဆို လျှင် သင်သည်သူ၏အပြစ်ကိုဖြေလွှတ်ရမည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။ တမန်တော်တို့ကသခင်ဘုရားအား ``အကျွန်ုပ် ၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ'' ဟု လျှောက်ထားကြ၏။ သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။ ``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။- ထိုသို့ဆိုမည့်အစား `ငါ၏အတွက်ညစာကို ပြင်လော့။ ငါစားသောက်စဉ်ခါးကိုစည်း၍ငါ့ အားလုပ်ကျွေးလော့။ ပြီးမှသင်စားသောက်လော့' ဟူ၍သာဆိုမည်မဟုတ်လော။- အစေခံသည်မိမိအရှင်စေခိုင်းသည့်အတိုင်း ဆောင်ရွက်သည့်အတွက်သူ့အားကျေးဇူးတင် စရာမရှိ။- ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။ ယေရုရှလင်မြို့သို့ခရီးပြုတော်မူစဉ်ကိုယ်တော် သည်ရှမာရိပြည်နှင့်ဂါလိလဲပြည်စပ်ကြားတွင် လျှောက်၍ကြွတော်မူ၏။- ရွာတစ်ရွာသို့ဝင်တော်မူသောအခါအရေပြား ရောဂါသည်ဆယ်ယောက်တို့သည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။ ခပ်လှမ်းလှမ်းတွင်ရပ် လျက်။- ``သခင်ယေရှုအရှင်မြတ်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုဟစ်အော်လျှောက်ထား ကြ၏။ ထိုသူတို့ကိုမြင်သောအခါကိုယ်တော် က ``သင်တို့သွား၍မိမိတို့ကိုယ်ကိုယဇ် ပုရောဟိတ်များအားပြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည်ယဇ်ပုရောဟိတ်များထံသွားနေစဉ် ရောဂါသန့်စင်သွားကြကုန်၏။- သူတို့အနက်လူတစ်ယောက်သည်မိမိရောဂါ ပျောက်ကင်းသွားကြောင်းကိုသိသောအခါ ဘုရားသခင်၏ဘုန်းအသရေတော်ကိုအသံ ကျယ်စွာချီးကူးလျက်ကိုယ်တော်၏ထံသို့ ပြန်လာ၏။- ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။- သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။- ဘုရားသခင်၏ဘုန်းအသရေတော်ကိုချီးကူးရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါးပြန်လာသူ တစ်ယောက်မျှမရှိသလော'' ဟုမေးတော်မူ၏။- ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။ ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။- `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။ ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။- လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။- လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။- သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။- နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။- သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။- ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။- သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။- လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။'' ``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။- လောတ၏ဇနီးကိုသတိရကြလော့။ မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။- သင်တို့အားငါဆိုသည်ကားထိုညတွင်အိပ်ရာ တစ်ခုမှာအိပ်နေသူ လူနှစ်ယောက်အနက်တစ် ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။- ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက် အနက်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက် ကိုထားခဲ့လတ္တံ့။- လယ်ထဲတွင်ရှိသူနှစ်ယောက်အနက်တစ်ယောက် ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့'' ဟု မိန့်တော်မူ၏။ တပည့်တော်တို့က ``အရှင်၊ အဘယ်အရပ်တွင် ဤအရာများဖြစ်ပျက်ပါမည်နည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``အသေကောင်ရှိရာအရပ်တွင် လင်းတများစုရုံးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ရှင်လုကာ 17:4-37 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။ ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။ သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။ သင်တို့တွင် လယ်လုပ်သောအစေအပါး၊ သို့မဟုတ် သိုးကိုထိန်းကျောင်းသောအစေအပါးရှိ၍ ထိုအစေအပါးသည် လယ်မှပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ထိုင်၍စားလော့’ဟု ဆိုမည့်သူရှိသလော။ ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။ အစေအပါးသည် စေခိုင်းထားသည့်အတိုင်းဆောင်ရွက်သောကြောင့် သခင်သည် သူ့ကိုကျေးဇူးတင်သလော။ ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ကြွတော်မူစဉ် ရှမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။ ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက် အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။ ယေရှုကလည်း“စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန်ပြန်လာသောသူသည် ဤတစ်ပါးအမျိုးသားမှလွဲ၍ တစ်ဦးမျှမရှိသလော”ဟု မိန့်တော်မူ၏။ ထို့နောက် ထိုသူအား“ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။ ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏၊ သို့မဟုတ် ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။ အကြောင်းမူကား လျှပ်စီးသည်လက်၍ မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။ သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။ နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။ သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ လူ့သားပေါ်ထွန်းသောနေ့ရက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။ လောတ၏ဇနီးကိုသတိရကြလော့။ မိမိအသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးရသောသူမူကား အသက်ကိုထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။ သင်တို့အား ငါဆိုမည်။ ထိုညတွင် ခုတင်တစ်ခုပေါ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ ကြိတ်ဆုံအတူကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ [လယ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်]”ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်မည်နည်း”ဟု မေးလျှောက်ကြသော် ကိုယ်တော်က“အသေကောင်ရှိရာအရပ်၌ လင်းတတို့သည်လည်း စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။