ရှင်လုကာခရစ်ဝင် 17
17
ယေရှု၏သတိပေးချက်များ
1ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား“မှားယွင်းစေသောအရာများသည် ဧကန်မုချသက်ရောက်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ 2ထိုသူသည် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသည်ထက် ကြိတ်ဆုံကျောက်ကို မိမိလည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ 3သင်တို့သည် မိမိတို့ကိုယ်ကိုသတိထားကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ့ကိုခွင့်လွှတ်လော့။ 4တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းနှင့်တာဝန်ဝတ္တရား
5ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။ 6သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။
7 သင်တို့တွင် လယ်လုပ်သောအစေအပါး၊ သို့မဟုတ် သိုးကိုထိန်းကျောင်းသောအစေအပါးရှိ၍ ထိုအစေအပါးသည် လယ်မှပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ထိုင်၍စားလော့’ဟု ဆိုမည့်သူရှိသလော။ 8ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။ 9အစေအပါးသည် စေခိုင်းထားသည့်အတိုင်းဆောင်ရွက်သောကြောင့် သခင်သည် သူ့ကိုကျေးဇူးတင်သလော။ 10ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
အနာကြီးရောဂါသည်ဆယ်ဦး
11ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ကြွတော်မူစဉ် ရှမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။ 12ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက် 13အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။ 14ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။
15သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ 16ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။ 17ယေရှုကလည်း“စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။ 18ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန်ပြန်လာသောသူသည် ဤတစ်ပါးအမျိုးသားမှလွဲ၍ တစ်ဦးမျှမရှိသလော”ဟု မိန့်တော်မူ၏။ 19ထို့နောက် ထိုသူအား“ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။
နိုင်ငံတော်ပေါ်ထွန်းခြင်း
20တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။ 21ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ 22ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။ 23ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏၊ သို့မဟုတ် ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။ 24အကြောင်းမူကား လျှပ်စီးသည်လက်၍ မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။ 25သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။
26 နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။ 27နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
28 ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။ 29သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ 30လူ့သားပေါ်ထွန်းသောနေ့ရက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ 31ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။ 32လောတ၏ဇနီးကိုသတိရကြလော့။
33 မိမိအသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးရသောသူမူကား အသက်ကိုထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။ 34သင်တို့အား ငါဆိုမည်။ ထိုညတွင် ခုတင်တစ်ခုပေါ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ 35ကြိတ်ဆုံအတူကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ 36[လယ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်]”ဟု မိန့်တော်မူ၏။ 37တပည့်တော်တို့ကလည်း “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်မည်နည်း”ဟု မေးလျှောက်ကြသော် ကိုယ်တော်က“အသေကောင်ရှိရာအရပ်၌ လင်းတတို့သည်လည်း စုဝေးကြလိမ့်မည်”#မ 24:28၊ ယောဘ 39:30။ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်လုကာခရစ်ဝင် 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative