ရှင်လုကာ 17:20-37
ရှင်လုကာ 17:20-37 Judson Bible (JBMLE)
ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။- ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။- ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။- ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊- လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊- လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။- လောတ၏မယားကို အောက်မေ့ကြလော့။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ ရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်လုကာ 17:20-37 Common Language Bible (BCL)
ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။- `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။ ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။- လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။- လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။- သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။- နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။- သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။- ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။- သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။- လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။'' ``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။- လောတ၏ဇနီးကိုသတိရကြလော့။ မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။- သင်တို့အားငါဆိုသည်ကားထိုညတွင်အိပ်ရာ တစ်ခုမှာအိပ်နေသူ လူနှစ်ယောက်အနက်တစ် ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။- ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက် အနက်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက် ကိုထားခဲ့လတ္တံ့။- လယ်ထဲတွင်ရှိသူနှစ်ယောက်အနက်တစ်ယောက် ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့'' ဟု မိန့်တော်မူ၏။ တပည့်တော်တို့က ``အရှင်၊ အဘယ်အရပ်တွင် ဤအရာများဖြစ်ပျက်ပါမည်နည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``အသေကောင်ရှိရာအရပ်တွင် လင်းတများစုရုံးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ရှင်လုကာ 17:20-37 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။ ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏၊ သို့မဟုတ် ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။ အကြောင်းမူကား လျှပ်စီးသည်လက်၍ မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။ သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။ နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။ သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ လူ့သားပေါ်ထွန်းသောနေ့ရက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။ လောတ၏ဇနီးကိုသတိရကြလော့။ မိမိအသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးရသောသူမူကား အသက်ကိုထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။ သင်တို့အား ငါဆိုမည်။ ထိုညတွင် ခုတင်တစ်ခုပေါ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ ကြိတ်ဆုံအတူကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ [လယ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်]”ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်မည်နည်း”ဟု မေးလျှောက်ကြသော် ကိုယ်တော်က“အသေကောင်ရှိရာအရပ်၌ လင်းတတို့သည်လည်း စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။