YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:40-57

ယေရမိမြည်တမ်း 3:40-57 Judson Bible (JBMLE)

ငါ​တို့​သည် ကိုယ်​လိုက်​သော​လမ်း​တို့​ကို စစ်​ကြော​စုံ​စမ်း၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​သွား​ကြ​ကုန်​အံ့။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ နှ​လုံး​နှင့် လက်​တို့​ကို ချီ​ကြွ​ကြ​ကုန်​အံ့။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား ပုန်​ကန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ပြစ်​လွှတ်​တော်​မ​မူ​ပါ။ အ​မျက်​တော်​ထွက်၍ မျက်​နှာ​လွှဲ​တော်​မူ၏။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​လိုက်၍ က​ရု​ဏာ​မ​ရှိ​ဘဲ ကွပ်​မျက်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ပ​တ္ထ​နာ​စ​ကား​သည် အ​ထံ​တော်​သို့ မ​ပေါက်​နိုင်​အောင်၊ မိုး​တိမ်​ဖြင့် ကိုယ်​ကို ကွယ်​ကာ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ကို လူ​မျိုး​တို့​တွင် လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ရွံ​စ​ရာ​အ​ရာ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ၏။ ရန်​သူ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ​ထဲ​သို့​လည်း​ကောင်း၊ တွင်း​ထဲ​သို့​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ခြင်း​ထဲ​သို့​လည်း​ကောင်း ရောက်​ကြ​ပါ​ပြီ။ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ့​မျက်​စိ​သည် မြစ်​ရေ​ဖြစ်၍ စီး​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​က​ငုံ့​ကြည့်၍ ရှု​မှတ်​တော်​မ​မူ​မီ​တိုင်​အောင်၊ ငါ့​မျက်​ရည်​သည်​ကျ၍ အ​စဉ်​မ​ပြတ် ယို​စီး​လျက်​ရှိ၏။ ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​ရန်​ပြု​သော သူ​တို့​သည် ငှက်​ကို​လိုက်၍ ရှာ​သ​ကဲ့​သို့ ငါ့​ကို လိုက်၍​ရှာ​ကြ၏။ မြေ​တွင်း၌ ငါ့​အ​သက်​ကို​ဖြတ်၍ ငါ့​အ​ပေါ်​မှာ ကျောက်​ကို တင်​ထား​ကြ၏။ ငါ့​ခေါင်း​ကို ရေ​လွှမ်း​မိုး​သည်​ဖြစ်၍၊ ငါ​သည် ဆုံး​ရှုံး​ပြီ​ဟု ဆို​ရ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ နက်​သော​မြေ​တွင်း​ထဲ​က အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို​ခေါ်​ပါ၏။ အ​ကျွန်ုပ်​ခေါ်​သံ​ကို ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ညည်း​တွား​အော်​ဟစ်​သော​အ​ခါ နား​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဟစ်​ခေါ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ချဉ်း​ကပ်​တော်​မူ၍၊ မ​ကြောက်​နှင့်​ဟု မိန့်​တော်​မူ​ပြီ။

ယေရမိမြည်တမ်း 3:40-57 Common Language Bible (BCL)

ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။ ``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်း ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။ ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည် ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။ ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့် ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။ မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက် ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။ မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။ ``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန် ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။

ယေရမိမြည်တမ်း 3:40-57 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ့်​အကျင့်အကြံ​များ​ကို ဆင်ခြင်သုံးသပ်​၍ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။ ကောင်းကင်ဘုံ​ရှိ ထာဝရဘုရား​ထံ ငါ​တို့​စိတ်နှလုံး​ပါ​လျက် လက်​ကို ချီ​ကြ​စို့​။ ငါ​တို့ အပြစ်ကျူးလွန်​မိ​ပြီ​၊ ပုန်ကန်​မိ​ပြီ​။ ကိုယ်တော်​သည် ငါ​တို့​ကို ခွင့်လွှတ်​တော်​မ​မူ​။ ပြင်းစွာ​အမျက်ထွက်​လျက် ငါ​တို့​ကို လိုက်​၍ မ​ညှာ​မ​တာ​ကွပ်မျက်​တော်မူ​ပြီ​။ အထံ​တော်​သို့ ငါ​တို့​ဆုတောင်း​သံ​မ​ရောက်​အောင် ကိုယ်တော်​သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်​ဖြင့် ကာ​ထား​တော်မူ​ပြီ​။ ကိုယ်တော်​သည် ငါ​တို့​ကို လူမျိုးတကာ​အလယ်​တွင် အညစ်အကြေး​၊ အမှိုက်သရိုက် ဖြစ်​စေ​တော်မူ​ပြီ​။ ရန်သူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​ပြီ​။ ငါ​တို့​သည် ကြောက်မက်ဖွယ်ဘေး​နှင့် ကြုံ​ရ​ပြီ​။ မြေတွင်း​ထဲသို့ ကျ​လေ​ပြီ။ အထီးကျန်​ခြင်း​၊ ပျက်စီး​ခြင်း​သို့​ရောက်​ပါ​ပြီ​။ ငါ့​လူမျိုး​သမီးပျို ပျက်စီး​သောကြောင့် ငါ့​မျက်စိ​မှ မျက်ရည်​ချောင်း​စီး​ရ​လေ​ပြီ​။ ကောင်းကင်ဘုံ​မှ ထာဝရဘုရား ငုံ့ကြည့်​၍ မြင်​တော်​မ​မူ​မ​ချင်း ငါ့​မျက်ရည်​သည် မ​ပြတ်​မ​စဲ​စီးဆင်း​လေ​ပြီ​။ မြို့​သမီးပျို​အပေါင်း​တို့​၏​အဖြစ်​ကို မြင်​ရ​သောကြောင့် ငါ့​စိတ်နှလုံး​ကြေကွဲ​ရ​ပြီ​။ ရန်သူ​တို့​သည် အကြောင်းမရှိ​ဘဲ ငါ့​ကို ငှက်​ကဲ့သို့ လိုက်ဖမ်း​ကြ​ပါ​၏​။ ငါ့​ကို မြေတွင်း​ထဲ​ပစ်ချ​ပြီး သေကြောင်းကြံ​ကြ​ပြီ​။ ကျောက်တုံး​ဖြင့် ပစ်ပေါက်​ကြ​ပြီ​။ ရေ​သည် ငါ့​ဦးခေါင်း​အထိ လွှမ်းမိုး​လာ​သဖြင့် “​ငါ​သေ​ရ​တော့​မည်​”​ဟု ငါ​ဆို​မိ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် တွင်း​နက်​ထဲမှ​နေ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ဟစ်ခေါ်​ပါ​၏​။ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​ပြီ​။ “​အကျွန်ုပ်​အကူအညီ​အော်ဟစ်တောင်းဆို​သောအခါ နား​တော်​ကို ပိတ်​ထား​တော်​မ​မူ​ပါ​နှင့်​။​” အကျွန်ုပ်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် အနား​သို့​လာ​၍ “​မ​ကြောက်​နှင့်​”​ဟု မိန့်​တော်မူ​၏​။