YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်းစကား 3

3
ထာဝရဘုရား၏ကရုဏာတော်၌သာ မျှော်လင့်စရာ
1ငါ​သည် ကိုယ်တော်​၏​အမျက်​တော်​ကြိမ်လုံး​ကြောင့် ဖိစီးနှိပ်စက်မှု​ကို ကြုံတွေ့​ခဲ့​ရ​သော​သူ​ဖြစ်​ပါ​၏​။
2ကိုယ်တော်​သည် ငါ့​ကို​နှင်ထုတ်​တော်မူ​ပြီ​။ အလင်း​မ​ရှိ​သော မှောင်မိုက်​၌ သွားလာ​စေ​တော်မူ​ပြီ​။
3စင်စစ် ကိုယ်တော်​သည် လက်​ကို​ဆန့်​၍ ငါ့​ကို တစ်နေ့လုံး အကြိမ်ကြိမ်​ဆုံးမ​တော်မူ​ပြီ​။
4ကိုယ်တော်​သည် ငါ​၏​အသား​အရေ​ကို ရွတ်တွ​စေ​တော်မူ​ပြီ​။ ငါ​၏​အရိုး​တို့​ကို ချိုး​တော်မူ​ပြီ​။
5ငါ့​ကို ဝန်းရံ​တိုက်ခိုက်​တော်မူ​ပြီ​။ ခါးသီးမှု​၊ ခက်ခဲမှု​ဖြင့် ဝိုင်းထား​တော်မူ​ပြီ​။
6ကာလ​ကြာမြင့်​စွာ​က​သေဆုံး​သွား​သူ​ကဲ့သို့ ငါ့​ကို​မှောင်မိုက်​သော​အရပ်​ထဲ၌​နေ​စေ​တော်မူ​ပြီ​။
7ငါ​မ​ထွက်သွား​နိုင်​အောင် ကြေးနီ​ကြိုး​ဖြင့်​ချုပ်နှောင်​၍ ပိတ်လှောင်​ထား​ပြီ​။
8ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ငါ​၏​ဆုတောင်းချက်​ကို နားညောင်း​တော်​မ​မူ​။
9ငါ​သွား​သော​လမ်း​ကို ကျောက်နံရံ​ဖြင့် ပိတ်​ထား​ပြီး လမ်းခရီး​ကို ကွေ့ကောက်​စေ​တော်မူ​ပြီ​။
10ကိုယ်တော်​သည် ငါ့​ကို ချောင်းမြောင်း​နေ​သော​ဝက်ဝံ​၊ ကွယ်​ရာ​၌​ပုန်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ဖြစ်စေ​တော်မူ​ပြီ​။
11ငါ့​ကို လမ်း​လွဲ​စေ​၍ အပိုင်းပိုင်း​ဆွဲဖြတ်​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​ပြီ​။
12ကိုယ်တော်​သည် လေး​ကို​တင်​ပြီး ငါ့​ကို​ပစ်မှတ်​ထား​၍ မြား​ဖြင့်​ချိန်ရွယ်​တော်မူ​ပြီ​။
13ကိုယ်တော်​၏​မြား​တို့​သည် ငါ့​နှလုံးသား​ကို ထိုးဖောက်​လေ​ပြီ​။
14ငါ​သည် ငါ့​လူမျိုး​တို့​တွင် နေ့စဉ် ပြက်ရယ်ပြုစရာ​၊ သီချင်းဆိုစရာ ဖြစ်​လေ​ပြီ​။
15ကိုယ်တော်​သည် ငါ့​ကို ခါး​သော​ဟင်းရွက်​ဖြင့် ဝအီ​စေ​တော်မူ​ပြီ​။ ဒေါနရည်​ဖြင့် မူး​စေ​တော်မူ​ပြီ​။
16ငါ့​သွား​တို့​ကို ကျောက်စရစ်​များ​ဖြင့် ကျိုး​စေ​တော်မူ​ပြီ​။ ငါ့​ကို ပြာပုံ​ထဲတွင် လူး​စေ​တော်မူ​ပြီ​။
17ငါ့​စိတ်ဝိညာဉ်​သည် ငြိမ်သက်​ခြင်း​ကင်း​လျက် ကောင်းစား​ခြင်း​ကို​လည်း မေ့လျော့​လေ​ပြီ​။
18သို့ဖြစ်၍ “​ငါ့​ခွန်အား ကုန်ခန်း​ပြီ​။ ထာဝရဘုရား​ထံ​တော်​မှ ငါ့​မျှော်လင့်​ခြင်း ကုန်ဆုံး​ပြီ​”​ဟု ငါ​ဆို​ရ​၏​။
19အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​၊ ဆင်းရဲဒုက္ခ​တို့​ကို သတိရ​တော်မူ​ပါ​။ အကျွန်ုပ်​သောက်​ရ​သော ဒေါနရည်​၊ အဆိပ်ရည်​တို့​ကို​လည်း သတိရ​တော်မူ​ပါ​။
20ထို​အရာ​တို့​ကို အမြဲတမ်း​အမှတ်ရ​လျက် ငါ့​စိတ်ဝိညာဉ်​သည် ညှိုးငယ်​ရ​ပါ​ပြီ​။
21သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။
22ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။
23နံနက်တိုင်း ကရုဏာ​တော်​အသစ်​ကို ခံစား​ရ​ပါ​၏​။ သစ္စာ​တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။
24“​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။
25ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။
26ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ငြိမ်ဝပ်​စွာ​မျှော်လင့်စောင့်စား​သော​သူ​သည် ကောင်းကျိုး​ကို ခံစား​ရ​၏​။
27လူ​သည် ငယ်ရွယ်​စဉ်အခါ ထမ်းပိုး​ထမ်း​သည်​မှာ ကောင်း​ပေ​၏​။
28သူ့​အပေါ် ထမ်းပိုး​ကို တင်​တော်မူ​သည်​ဖြစ်၍ သူ​သည် တစ်ယောက်တည်း ငြိမ်ဝပ်​စွာ​ထိုင်​နေ​စေ​။
29မျှော်လင့်ချက်​ရှိ​ကောင်း​ရှိ​နိုင်​သည်​ဖြစ်၍ သူ​သည် မျက်နှာ​ကို မြေမှုန့်​၌​အပ်​ပါစေ​။
30ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။
31အကြောင်းမူကား ဘုရားရှင်​သည် အစဉ်​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။
32ဝမ်းနည်းကြေကွဲ​စေ​တော်မူ​သော်လည်း မေတ္တာကရုဏာ​ကြီးမား​တော်မူ​သည်​နှင့်အညီ သနားစုံမက်​တော်မူ​လိမ့်မည်​။
33ကိုယ်တော်​သည် လူသား​တို့​ကို ဒုက္ခဝေဒနာ​ခံစား​စေ​လို​သော​သဘော​၊ ဝမ်းနည်းကြေကွဲ​စေ​လို​သော​သဘော​ရှိ​တော်​မ​မူ​။
34မြေကြီး​ပေါ်ရှိ အကျဉ်းသား​တို့​ကို နှိပ်ကွပ်​ခြင်း​၊
35အမြင့်ဆုံး​သော​အရှင်​ရှေ့မှောက်​တွင် မတရားသဖြင့်​စီရင်​ခြင်း​၊
36အမှုကိစ္စ​များ​ကို တရားမျှတ​စွာ​မ​စီရင်​ခြင်း စသည်​တို့​ကို ဘုရားရှင် နှစ်သက်​တော်​မ​မူ​။
37ဘုရားရှင် မ​မိန့်မှာ​ဘဲ မည်သူ​သည် နှုတ်မြွက်​သည့်​အတိုင်း ဖြစ်လာ​တတ်​သနည်း​။
38အမြင့်ဆုံး​သော​အရှင် နှုတ်မြွက်​သည့်​အတိုင်း အကောင်း​၊ အဆိုး ဖြစ်လာ​တတ်​သည်​မ​ဟုတ်​လော​။
39လူ​၊ အသက်ရှင်​သော​လူ​သည် အဘယ်ကြောင့် မိမိ​အပြစ်​အတွက် စောဒကတက်​ရ​သနည်း​။
40ကိုယ့်​အကျင့်အကြံ​များ​ကို ဆင်ခြင်သုံးသပ်​၍ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။
41ကောင်းကင်ဘုံ​ရှိ ထာဝရဘုရား​ထံ ငါ​တို့​စိတ်နှလုံး​ပါ​လျက် လက်​ကို ချီ​ကြ​စို့​။
42ငါ​တို့ အပြစ်ကျူးလွန်​မိ​ပြီ​၊ ပုန်ကန်​မိ​ပြီ​။ ကိုယ်တော်​သည် ငါ​တို့​ကို ခွင့်လွှတ်​တော်​မ​မူ​။
43ပြင်းစွာ​အမျက်ထွက်​လျက် ငါ​တို့​ကို လိုက်​၍ မ​ညှာ​မ​တာ​ကွပ်မျက်​တော်မူ​ပြီ​။
44အထံ​တော်​သို့ ငါ​တို့​ဆုတောင်း​သံ​မ​ရောက်​အောင် ကိုယ်တော်​သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်​ဖြင့် ကာ​ထား​တော်မူ​ပြီ​။
45ကိုယ်တော်​သည် ငါ​တို့​ကို လူမျိုးတကာ​အလယ်​တွင် အညစ်အကြေး​၊ အမှိုက်သရိုက် ဖြစ်​စေ​တော်မူ​ပြီ​။
46ရန်သူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​ပြီ​။ 47ငါ​တို့​သည် ကြောက်မက်ဖွယ်ဘေး​နှင့် ကြုံ​ရ​ပြီ​။ မြေတွင်း​ထဲသို့ ကျ​လေ​ပြီ အထီးကျန်​ခြင်း​၊ ပျက်စီး​ခြင်း​သို့​ရောက်​ပါ​ပြီ​။
48ငါ့​လူမျိုး​သမီးပျို ပျက်စီး​သောကြောင့် ငါ့​မျက်စိ​မှ မျက်ရည်​ချောင်း​စီး​ရ​လေ​ပြီ​။
49-50ကောင်းကင်ဘုံ​မှ ထာဝရဘုရား ငုံ့ကြည့်​၍ မြင်​တော်​မ​မူ​မ​ချင်း ငါ့​မျက်ရည်​သည် မ​ပြတ်​မ​စဲ​စီးဆင်း​လေ​ပြီ​။
51မြို့​သမီးပျို​အပေါင်း​တို့​၏​အဖြစ်​ကို မြင်​ရ​သောကြောင့် ငါ့​စိတ်နှလုံး​ကြေကွဲ​ရ​ပြီ​။
52ရန်သူ​တို့​သည် အကြောင်းမရှိ​ဘဲ ငါ့​ကို ငှက်​ကဲ့သို့ လိုက်ဖမ်း​ကြ​ပါ​၏​။
53ငါ့​ကို မြေတွင်း​ထဲ​ပစ်ချ​ပြီး သေကြောင်းကြံ​ကြ​ပြီ​။ ကျောက်တုံး​ဖြင့် ပစ်ပေါက်​ကြ​ပြီ​။
54ရေ​သည် ငါ့​ဦးခေါင်း​အထိ လွှမ်းမိုး​လာ​သဖြင့် “​ငါ​သေ​ရ​တော့​မည်​”​ဟု ငါ​ဆို​မိ​ပြီ​။
55အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် တွင်း​နက်​ထဲမှ​နေ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ဟစ်ခေါ်​ပါ​၏​။
56အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​ပြီ​။ “​အကျွန်ုပ်​အကူအညီ​အော်ဟစ်တောင်းဆို​သောအခါ နား​တော်​ကို ပိတ်​ထား​တော်​မ​မူ​ပါ​နှင့်​။​”
57အကျွန်ုပ်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် အနား​သို့​လာ​၍ “​မ​ကြောက်​နှင့်​”​ဟု မိန့်​တော်မူ​၏​။
58အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​၏​အသက်​ကို ရွေးနုတ်​တော်မူ​ပါ​ပြီ​။
59အို ထာဝရဘုရား​၊ အကျွန်ုပ် မတရား​သဖြင့်​ခံရ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​အမှု​ကို စီရင်​တော်မူ​ပါ​။
60အကျွန်ုပ်​ကို အဘယ်မျှလောက် အငြိုး​ထား​၍ အဘယ်မျှလောက် မကောင်း​ကြံစည်​နေ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​ပြီ​။
61အို ထာဝရဘုရား​၊ သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​၊ မကောင်း​ကြံစည်​ခြင်း​အလုံးစုံ​ကို ကိုယ်တော် ကြားသိ​တော်မူ​ပါ​ပြီ​။
62အကျွန်ုပ်​ကို ရန်ပြု​သော​သူ​တို့​သည် တစ်နေ့လုံး တီးတိုးပြောဆို​၍ အကျွန်ုပ်​ကို မကောင်းကြံစည်​ကြ​ပါ​၏​။
63ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​ထိုင်​လေ​ရာ​၊ ထ​လေ​ရာ​၌ အကျွန်ုပ်​အကြောင်း​ကို​သာ လှောင်ပြောင်​သီဆို​ကြ​ပါ​၏​။
64အို ထာဝရဘုရား​၊ သူ​တို့​ပြု​သော​အမှု​အတိုင်း အကျိုးအပြစ်​ကို ပြန်ဆပ်ပေး​တော်မူ​ပါ​။
65သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​ပါ​။ ကျိန်ခြင်းအမင်္ဂလာ​သည် သူ​တို့​အပေါ်​သက်ရောက်​ပါစေ​။
66အမျက်ထွက်​လျက် သူ​တို့​ကို လိုက်​တော်မူ​ပါ​။ ထာဝရဘုရား​ပိုင်​တော်မူ​သော​ကောင်းကင်​အောက်​မှ သူ​တို့​ကို သုတ်သင်ဖယ်ရှင်း​တော်မူ​ပါ​။

လက်ရှိရွေးချယ်ထားမှု

ယေရမိမြည်တမ်းစကား 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။