YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်းစကား 2

2
ဂျေရုဆလင်မြို့ကို တရားစီရင်ခြင်း
1ဘုရားရှင်​သည် ဇိအုန်​သမီးပျို​ကို အမျက်​တော်​မိုးတိမ်​ဖြင့် ဖုံးအုပ်​တော်မူ​ပြီ​တကား​။ မိုး​ထိ​မြင့်​သော​အစ္စရေး​လူမျိုး​၏​ဂုဏ်ကျက်သရေ​ကို မြေ​သို့​တိုင် ရှုတ်ချ​တော်မူ​ပြီ​။ အမျက်​တော်​ထွက်​ရာ​နေ့​၌ မိမိ​၏​ခြေတင်ခုံ​ကို မေ့ပစ်​တော်မူ​ပြီ​။
2ဘုရားရှင်​သည် ယာကုပ်​အမျိုး​၏​နေရာ​ရှိသမျှ​ကို မ​ညှာ​မ​တာ​ဝါးမျို​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၏​ခံတပ်​များ​ကို အမျက်​တော်​ဖြင့် ဖြိုဖျက်​တော်မူ​ပြီ​။ မြေ​တိုင်အောင် ရောက်​စေ​တော်မူ​ပြီ​။ နိုင်ငံ​နှင့်​အကြီးအကဲ​တို့​ကို​လည်း ရှုတ်ချ​တော်မူ​ပြီ​။
3အစ္စရေး​လူမျိုး​၏​ဦးချို​ရှိသမျှ​တို့​ကို အမျက်​ပြင်းစွာ​ဖြင့် ဖြတ်ပစ်​တော်မူ​ပြီ​။ လက်ယာ​လက်​တော်​ကို ရန်သူ့​ထံမှ ပြန်ရုပ်သိမ်း​တော်မူ​ပြီ​။ ပတ်ပတ်လည်​လောင်ကျွမ်း​သော​မီးလျှံ​ကဲ့သို့ ယာကုပ်​အမျိုး​ကို လောင်ကျွမ်း​တော်မူ​ပြီ​။
4ရန်သူ​ကဲ့သို့ လေး​ကို​တင်​တော်မူ​ပြီ​။ ရန်ဖက်​ကဲ့သို့ လက်ယာ​လက်​တော်​ကို အသင့်ရှိ​စေ​၍ လူ​တို့ တန်ဖိုး​ထား​ရ​သော​သူ​အပေါင်း​တို့​ကို ကွပ်မျက်​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​၏​တဲ​အပေါ်​၌ မီး​ကဲ့သို့သော​အမျက်​တော်​ကို သွန်ချ​တော်မူ​ပြီ​။
5ဘုရားရှင်​သည် ရန်သူ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ အစ္စရေး​လူမျိုး​တို့​ကို ဝါးမျို​တော်မူ​ပြီ​။ နန်းတော်​ရှိသမျှ​တို့​ကို​လည်း ဝါးမျို​တော်မူ​ပြီ​။ ခံတပ်​တို့​ကို​လည်း ဖျက်ဆီး​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပြီ​။
6တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။
7ဘုရားရှင်​သည် ယဇ်ပလ္လင်​ကို​စွန့်ပယ်​တော်မူ​ပြီ​။ သန့်ရှင်းရာဌာန​ကို စက်ဆုပ်​တော်မူ​ပြီ​။ နန်းတော်​တံတိုင်း​တို့​ကို​လည်း ရန်သူ့​လက်​သို့ အပ်လိုက်​တော်မူ​ပြီ​။ ရန်သူ​တို့​သည် ပွဲတော်​နေ့​ကဲ့သို့ပင် ထာဝရဘုရား​၏​အိမ်​တော်​၌ ကြွေးကြော်​ကြ​လေ​ပြီ​။
8ထာဝရဘုရား​သည် ဇိအုန်​သမီးပျို​၏​မြို့ရိုး​ကို ဖျက်ဆီး​မည်​ဟု ကြံရွယ်​တော်မူ​ပြီ​။ မျဉ်းကြိုး​ကို​ချ​ပြီး လက်​တော်​ကို​ဆန့်​လျက် ဖျက်ဆီး​တော်မူ​ပြီ​။ တံတိုင်း​နှင့်​မြို့ရိုး​တို့​အား ငိုကြွေးမြည်တမ်း​စေ​တော်မူ​ပြီ​။ အားလုံး​ပြိုကျပျက်စီး​လေ​ပြီ​။
9မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။
10ဇိအုန်​သမီးပျို​၏​သက်ကြီးဝါကြီး​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ မြေကြီး​ပေါ်၌ တိတ်ဆိတ်​စွာ​ထိုင်​လျက်​၊ မိမိ​တို့​ခေါင်း​ပေါ်သို့ မြေမှုန့်​ကို​ပစ်တင်​ကြ​ပြီ​။ ဂျေရုဆလင်​အပျိုကညာ​တို့​သည် မြေကြီး​သို့ ခေါင်း​ငိုက်စိုက်ကျ​လေ​ပြီ​။
11ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။
12သူ​တို့​သည် ဒဏ်ရာ​ရ​သော​သူ​တို့​ကဲ့သို့ မြို့​လမ်း​များ​ပေါ်၌​လဲကျ​လျက်​၊ အမိ​ရင်ခွင်​၌ အသက်​ယဲ့ယဲ့လေး​သာ​ကျန်ရှိ​လျက် “​မုန့်​နှင့်​စပျစ်ဝိုင် အဘယ်မှာ​ရှိ​သနည်း​”​ဟု မိခင်​အား မေး​ကြ​လေ​ပြီ​။
13အို ဂျေရုဆလင်​သမီး​၊ သင့်​ကို မည်သို့​ပြော​ရ​မည်နည်း​၊ မည်သည့်​အရာ​ဖြင့် နှိုင်းပြ​ရ​မည်နည်း​။ အို ဇိအုန်​သမီး​ပျို​၊ သင့်​ကို မည်သူ​နှင့်​ခိုင်းနှိုင်း​ပြီး နှစ်သိမ့်​ပေး​ရ​မည်နည်း​။ အကယ်စင်စစ် သင်​၏​ဒဏ်ရာ​သည် ပင်လယ်​ကဲ့သို့​နက်​၍ သင့်​ကို မည်သူ​ကုသ​ပေး​နိုင်​မည်နည်း​။
14သင်​၏​ပရောဖက်​တို့​သည် သင့်​အဖို့ မဟုတ်မမှန်​သော​အရာ​၊ အကျိုးမရှိ​သော​အရာ​တို့​ကို နိမိတ်မြင်​ကြ​ပြီ​။ သုံ့ပန်းဘဝ​မ​ရောက်​ရ​လေ​အောင် သူ​တို့​သည် သင်​၏​အပြစ်​ကို​မ​ထောက်ပြ​ဘဲ မဟုတ်မမှန်​သော​အရာ​၊ လှည့်စား​သော​အရာ​တို့​ကို ဗျာဒိတ်​ရ​ကြ​ပြီ​။
15လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။
16သင်​၏​ရန်သူ​အပေါင်း​တို့​သည် နှုတ်​ကို​ဖွင့်​၍ သင့်​ကို​ကဲ့ရဲ့​လျက် “​ဤ​မြို့​ကို ငါ​တို့​ဝါးမျို​ကြ​ပြီ​။ စင်စစ် ဤ​နေ့​သည် ငါ​တို့​စောင့်မျှော်​သော​နေ့​ဖြစ်​၏​။ ငါ​တို့​ကြုံ​ရ​ပြီ​။ ငါ​တို့​မြင်​ရ​ပြီ​”​ဟု အားရကျေနပ်​စွာ​ဆို​ကြ​ပြီ​။
17ထာဝရဘုရား​သည် ကြံစည်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ ရှေး​ကာလ​က မိန့်​တော်မူ​ခဲ့​သော​စကား​ကို ပြည့်စုံ​စေ​တော်မူ​ပြီ​။ ညှာတာ​တော်​မ​မူ​ဘဲ ဖြိုဖျက်​တော်မူ​ပြီ​။ ရန်သူ​က သင့်​ကို​အနိုင်ရ​၍ ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ​။ သင့်​ရန်ဖက်​တို့​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပြီ​။
18သူ​တို့​သည် ဘုရားရှင်​ထံ စိတ်နှလုံး​ထဲမှ အော်ဟစ်​ကြ​ပြီ​။ အို ဇိအုန်​သမီးပျို​၏​မြို့ရိုး​၊ နေ့နေ့​ညည မျက်ရည်​ချောင်း​စီးဆင်း​စေ​လော့​။ မနားတမ်းငို​လော့​။ သင့်​မျက်ဆန်​ကို အနား​မ​ပေး​နှင့်​။
19ညဥ့်ဦးယံ​၌ ထ​၍​အော်ဟစ်​လော့​။ ရေ​ကို​သွန်ချ​သကဲ့သို့ သင့်​စိတ်နှလုံး​ကို ဘုရားရှင်​၏​ရှေ့​တော်​၌ ဖွင့်ချ​လော့​။ သင့်​ကလေးသူငယ်​များ​၏​အသက်​အတွက် ကိုယ်တော့်​ထံ​တော်​သို့ သင်​၏​လက်​ကို မြှောက်​လော့​။ သူ​တို့​သည် ငတ်မွတ်​၍ လမ်းဆုံလမ်းခွ​တိုင်း​၌ လဲကျ​ကြ​လေ​ပြီ​။
20အို ထာဝရဘုရား​၊ ကြည့်ရှု​၍​ဆင်ခြင်​တော်မူ​ပါ​။ ကိုယ်တော်​သည် မည်သူ့​ကို ဤကဲ့သို့​ပြု​တော်မူ​ခဲ့​သနည်း​။ အလိုလေး​၊ မိန်းမ​တို့​သည် မိမိ​ရင်ခွင်ပိုက်​ကလေးငယ်​၏​အသား​ကို စား​ရ​တော့​မည်လော​။ ယဇ်ပုရောဟိတ်​နှင့်​ပရောဖက်​တို့​လည်း ဘုရားရှင်​၏​သန့်ရှင်းရာဌာန​တော်​၌ ကွပ်မျက်​ခံရ​တော့​မည်လော​။
21လူကြီး​လူငယ်​တို့​သည် လမ်းမ​ပေါ် ဖုန်တော​ထဲ၌ လဲ​နေ​လေ​ပြီ​။ အပျို​လူပျို​တို့​သည်​လည်း ဓား​ဖြင့် လဲကျ​သေဆုံး​ကြ​လေ​ပြီ​။ အမျက်ထွက်​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကွပ်မျက်​တော်မူ​ပြီ​၊ မ​ညှာ​မ​တာ​သတ်ဖြတ်​တော်မူ​ပြီ​။
22ပွဲတော်​နေ့​၌ လူ​တို့​ကို​ဖိတ်ခေါ်​သကဲ့သို့ ကြောက်လန့်ဖွယ်​ရာ​တို့​ကို အဘက်ဘက်​မှ ကိုယ်တော်​ဖိတ်ခေါ်​တော်မူ​ပြီ​။ ထာဝရဘုရား​အမျက်ထွက်​တော်မူ​သော​နေ့​၌ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကျွန်ုပ်​ချီပိုက်​၍​ကျွေးမွေးစောင့်ရှောက်​သော​သူ​တို့​ကို ရန်သူ​တို့ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ယေရမိမြည်တမ်းစကား 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ