YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 60:1-22

ဟေရှာယ 60:1-22 Judson Bible (JBMLE)

သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။ ကြည့်​ရှု​လော့။ မှောင်​မိုက်​သည် မြေ​ကြီး​ကို ဖုံး​လွှမ်း​လိမ့်​မည်။ ထူ​ထပ်​သော​မှောင်​မိုက်​သည် လူ​များ​ကို ဖုံး​လွှမ်း​လိမ့်​မည်။ သို့​သော်​လည်း၊ သင်၏​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ပေါ်​ထွန်း​တော်​မူ၍၊ ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ထင်​ရှား​လျက်​ရှိ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ခပ်​သိမ်း​သော​သူ​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ သင်၏​သား​သ​မီး​တို့​သည် အ​ဝေး​က​လာ၍၊ သင်၏​အ​နား​မှာ မွေး​စား​ခြင်း​ကို ခံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကြောက်​ရွံ့​ခြင်း​နှင့် ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။ နှ​လုံး​တုန်​လှုပ်၍ ဝမ်း​မြောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သ​မု​ဒ္ဒ​ရာ၏​ကြွယ်​ဝ​ခြင်း​သည် သင့်​ဘက်​သို့ ပြောင်း​လဲ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​သည် သင့်​လက်​သို့​ရောက်​လိမ့်​မည်။ ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။ ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။ မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘုန်း​ကို ပွင့်​စေ​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သင်၏​သား​တို့​နှင့်​တ​ကွ သူ​တို့​ရွှေ​ငွေ​များ​ကို အ​ဝေး​မှ​ဆောင်​ခဲ့​ခြင်း​ငှာ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​စောင့်​နေ၍၊ တာ​ရှု​သင်္ဘော​တို့​သည် အ​ဦး ပြု​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​ကို သင့်​ထံ​သို့​ဆောင်​ခဲ့၍၊ သူ​တို့၏ ရှင်​ဘု​ရင်​တို့​ကို​လည်း ပို့​သ​မည်​အ​ကြောင်း၊ သင်၏​တံ​ခါး​တို့​ကို နေ့​ည​မ​ပိတ်​ဘဲ အ​စဉ်​ဖွင့်​ထား​ရ​လိမ့်​မည်။ အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။ သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။ သင်​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ နို့​ကို စို့​ရ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့၏​သား​မြတ်​ကို​လည်း စို့​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို ကယ်​တင်​သော​သူ၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​သည်၊ သင့်​ကို ရွေး​နုတ်​သော​သူ ဖြစ်​ကြောင်း​ကို သင်​သည် သိ​ရ​လိမ့်​မည်။ ကြေး​ဝါ​အ​ရာ၌ ရွှေ​ကို​လည်း​ကောင်း၊ သံ​အ​ရာ၌ ငွေ​ကို​လည်း​ကောင်း၊ သစ်​သား​အ​ရာ၌ ကြေး​ဝါ​ကို​လည်း​ကောင်း၊ ကျောက်​အ​ရာ၌ သံ​ကို​လည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အ​ရာ​ရှိ​တို့​ကို ငြိမ်​သက်​သော​သ​ဘော၊ အ​ခွန်​ခံ​တို့​ကို ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် နေ့​အ​ချိန်၌ သင်၏​အ​လင်း​သည် နေ​ပေး​သော​အ​လင်း မ​ဟုတ်၊ ည​အ​ချိန်၌​လည်း၊ လ​အ​ရောင်​သည် သင့်​ကို မ​လင်း​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၏​ဘုန်း​အ​သ​ရေ ဖြစ်​တော်​မူ​လိမ့်​မည်။ နောက်​တစ်​ဖန် သင်၏​နေ​သည် မ​ဝင်​ရ။ သင်၏ လ​သည်​လည်း မ​ဆုတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း​ဖြစ်​တော်​မူ၍၊ စိတ်​မ​သာ​ညည်း​တွား​ရာ ကာ​လ​ကုန်​လေ​ပြီ။ သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။ သူ​ငယ်​တစ်​ယောက်​သည် လူ​တစ်​ထောင်​ဖြစ်​ရ​လိမ့်​မည်။ အား​နည်း​သော​သူ​တစ်​ယောက်​သည် အား​ကြီး​သော​လူ​မျိုး ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​ရောက်​လျှင် ထို​အ​မှု​ကို​နှိုး​ဆော်​မည်။

ဟေရှာယ 60:1-22 Common Language Bible (BCL)

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။ အ​ခြား​အ​မျိုး​သား​တို့​နှင့်​ကမ္ဘာ​ပေါ်​တွင်​အ​မှောင် လွှမ်း​လျက်​နေ​မည်​ဖြစ်​သော်​လည်း၊ သင်​၏​အ​ပေါ်​၌​မူ​ထာ​ဝ​ရ​ဘု​ရား​၏​အ​လင်း​တော် ထွန်း​တောက်​လျက်​နေ​လိမ့်​မည်။ မျက်​နှာ​တော်​မှ​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​သို့​သက်​ရောက်​၍ တည်​နေ​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​သင်​၏ အ​လင်း​ရှိ​ရာ​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည်​သင်​၏​တက်​သစ်​စ နေ​အ​ရုဏ်​ရောင်​ခြည်​သို့​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်။ သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။ သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။ ဝန်​တင်​ကု​လား​အုပ်​တပ်​ကြီး​များ​သည် မိ​ဒျန်​ပြည်​နှင့်​ဧ​ဖာ​ပြည်​မှ​ရောက်​ရှိ​လာ​၍ သင်​၏​ဒေ​သ​ကို​လွှမ်း​မိုး​လိမ့်​မည်။ ရှေ​ဘ​ပြည်​မှ​ရွှေ​နှင့်​နံ့​သာ​ပေါင်း​ကို​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ ကေ​ဒါ​ပြည်​နှင့်​န​ဗာ​ယုတ်​ပြည်​တို့​မှ​သိုး​ရှိ သ​မျှ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​သင်​၏​ထံ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​စေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဗိ​မာန်​တော်​ကို အ​ဘယ်​အ​ခါ​နှင့်​မျှ​မ​တူ​အောင်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့်​မည်။ မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။ ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား ``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အ​စေ​ကို​မ​ခံ​သည့် လူ​မျိုး​တို့​မူ​ကား၊လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ``အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​ပြန်​လည်​တည်​ဆောက်​၍ ငါ​၏​ဗိ​မာန်​တော်​ကို​လှ​ပ​တင့်​တယ်​စေ​ရန်​နှင့်၊ ငါ​ခြေ​ချ​ရာ​နေ​ရာ​ကို​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​ရန် သူ​တို့​သည်​လေ​ဗ​နုန်​တော​မှ​လက်​ရွေး​စင် ထင်း​ရှူး​သား၊ တ​ဒေ​ရ​သား​နှင့်​တာ​ရှု​ရ​သား​တို့​ကို သင့်​ထံ​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏ သား​မြေး​များ​သည်​သင့်​ထံ​လာ​ရောက်​၍ ဦး​ညွှတ် အ​လေး​ပြု​ကြ​လိမ့်​မည်။ အ​ခါ​တစ်​ပါး​က​သင့်​အား​မ​ထီ​မဲ့​မြင် ပြု​သူ​အ​ပေါင်း​တို့​သည်​သင်​၏​ခြေ​ရင်း​၌ ပျပ်​ဝပ် ရှိ​ခိုး​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​မြို့​တော်' ဟူ​၍​လည်းကောင်း၊ `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​ဇိ​အုန်' ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်။ ``သင်​သည်​လူ​သူ​ဆိတ်​ငြိမ်​လျက်​စွန့်​ပစ်​မုန်း​တီး ခြင်း​ကို ခံ​ရ​သော​မြို့​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​သည်​သင့်​ကို​ခမ်း​နား​ကြီး​ကျယ်​လှ​ပ​စေ​၍ ကာ​လ​အ​စဉ်​အ​ဆက် ရွှင်​လန်း​ချမ်း​မြေ့​ဖွယ်​ကောင်း​သည့်​မြို့​ဖြစ်​စေ​မည်။ မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။ ``ငါ​သည်​သင့်​အား​ကြေး​ဝါ​အ​စား​ရွှေ၊ သံ​အ​စား​ငွေ​နှင့်​သစ်​သား​အ​စား​ကြေး​ဝါ ကို ပေး​တော်​မူ​မည်။ သင်​သည်​ကျောက်​အ​စား​သံ​ကို​ရ​ရှိ​လိမ့်​မည်။ သင်​တို့​ကို​အုပ်​ချုပ်​သူ​တို့​အား​တ​ရား​မျှ​တ ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​စေ​မည်။ အ​ကြမ်း​ဖက်​မှု​အ​သံ​ဗ​လံ​များ​ပေါ်​ထွက် ရ​တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း​နောက်​တစ်​ဖန်​လု​ယက် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မြို့​ရိုး​သ​ဖွယ်​သင့်​ကို​ကာ​ကွယ်​စောင့် ရှောက်​မည်။ သင်​သည်​လည်း​မိ​မိ​ကို​ကယ်​တင်​သည့်​အ​တွက် ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်။ ``နေ့​အ​ခါ​နေ​သည်​လည်း​ကောင်း၊ ညဥ့်​အ​ခါ​လ​သည်​လည်း​ကောင်း၊ သင်​၏​အ​လင်း​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​သင်​၏ အ​တွက် ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ငါ​၏​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​တွက်​နေ​လ​တို့​ထက် ပို​မို​တည်​တံ့​သည့်​ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့်​သင်​ဝမ်း​နည်း​ပူ​ဆွေး​ရာ​နေ့​ရက်​များ​သည် ကုန်​ဆုံး​၍​သွား​လိမ့်​မည်။ သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။ သင်​၏​အ​နည်း​ဆုံး​အ​ညံ့​ဆုံး​သော​သူ​ပင်​လျှင်၊ ထောင်​ချီ​လျက်​များ​ပြား​လာ​ပြီး တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​သ​ဖွယ်​ကြီး​မြတ်​၍ လာ​လိမ့်​မည်။ အ​ချိန်​ကျ​လျှင်​ငါ​သည်​ဤ​အ​တိုင်း​လျင်​မြန်​စွာ ဖြစ်​ပျက်​စေ​တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​သည် တ​ကား။''

ဟေရှာယ 60:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။ ကြည့်ရှု​လော့​။ မှောင်မိုက်​သည် မြေကြီး​ကို​လည်းကောင်း​၊ အမှောင်ထု​သည် လူ​တို့​ကို​လည်းကောင်း ဖုံးလွှမ်း​မည်​။ သို့သော်လည်း ထာဝရဘုရား​သည် သင့်​ထံ၌ ပေါ်ထွန်း​တော်မူ​မည်​။ ဘုန်းအသရေ​တော်​သည် သင်​၌​ထင်ရှား​မည်​။ လူမျိုးတကာ​တို့​သည် သင်​၏​အလင်း​သို့​လည်းကောင်း​၊ ရှင်ဘုရင်​တို့​သည် သင်​၌ ထွန်းလင်း​သော​ရောင်ခြည်​သို့​လည်းကောင်း လာ​ကြ​လိမ့်မည်​။ ပတ်ပတ်လည်​သို့​မျှော်ကြည့်​လော့​။ လူ​အပေါင်း​တို့​သည်​စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ သင်​၏​သား​တို့​သည် အဝေး​က​လာ​၍ သင်​၏​သမီး​တို့​ကို ပွေ့​ချီလာ​ကြ​မည်​။ သင်​သည် မြင်​၍ ဝမ်းသာ​ပီတိ​ဖြစ်​မည်​။ ဝမ်းမြောက်ဝမ်းသာ​ဖြစ်၍ စိတ်​လှုပ်ရှား​မည်​။ အကြောင်းမူကား ပင်လယ်​၏​စည်းစိမ်ဘဏ္ဍာ​သည် သင့်​ထံသို့​လှည့်လာ​၍ လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​သည် သင့်​ထံသို့​ရောက်လာ​မည်​။ မိဒျန်​ပြည်​နှင့်​ဧဖာ​ပြည်​တို့​မှ ကုလားအုတ်ပျို​အလုံးအရင်း​တို့​သည် သင့်​ပြည်​၌ ပြည့်လျှံ​လိမ့်မည်​။ ရှေဘ​ပြည်သား​အပေါင်း​တို့​သည် ရွှေ​နှင့်​လော်ဗန်​ကို​ယူဆောင်​လာ​၍ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​။ ကေဒါ​ပြည်​၏​သိုးစု​ရှိသမျှ​တို့​သည် သင့်​ထံ၌​စုဝေး​လိမ့်မည်​။ နဗာယုတ်​ပြည်​၏​သိုးထီး​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​၍ လက်ခံဖွယ်​ရာ​ယဇ်​အဖြစ် ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့ တက်​ကြ​ရ​လိမ့်မည်​။ ငါ​သည် ဂုဏ်ကျက်သရေ​ရှိ​သော​ငါ​၏​အိမ်​တော်​ကို ဘုန်းထင်ရှား​စေ​မည်​။ တိမ်တိုက်​ကဲ့သို့​လည်းကောင်း​၊ အသိုက်​ရှိ​ရာ​သို့​ပျံသန်း​လာ​သော​ချိုးငှက်​ကဲ့သို့​လည်းကောင်း ပျံသန်း​လာ​ကြ​သည့် ဤ​သူ​တို့​သည် မည်သူ​တို့​နည်း​။ အကယ်စင်စစ် ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​ကြ​လိမ့်မည်​။ သင့်​ကို ဘုန်းထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အတွက်​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​အတွက် တာရှု​သင်္ဘော​တို့​သည် သင်​၏​သား​တို့​ကို သူ​တို့​၏​ရွှေ​ငွေ​များ​နှင့်အတူ အဝေး​မှ အဦးဆုံး​ခေါ်ဆောင်​လာ​လိမ့်မည်​။ တိုင်းတစ်ပါးသား​တို့​သည် သင်​၏​မြို့ရိုး​တို့​ကို​တည်ဆောက်​ကြ​ရ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​ကြ​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို အမျက်ထွက်​၍ ဒဏ်ခတ်​သော်လည်း ကရုဏာထား​၍ ကျေးဇူးပြု​ဦး​မည်​။ လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​ကို သင့်​ထံသို့​ယူဆောင်​လာ​နိုင်​မည့်​အကြောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​များ​ကို သင့်​ထံသို့​ခေါ်ဆောင်​လာ​နိုင်​မည့်​အကြောင်း သင်​၏​တံခါး​တို့​ကို ပိတ်​မ​ထား​ရ​၊ နေ့နေ့ညည​အစဉ်​ဖွင့်​ထား​ရ​မည်​။ သင်​၏​အမှု​ကို​မ​ထမ်းဆောင်​သော​လူမျိုး​ဖြစ်စေ​၊ တိုင်းနိုင်ငံ​ဖြစ်စေ ပျက်စီး​ရ​လိမ့်မည်​။ ထို​လူမျိုး​တို့​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထင်းရှူးပင်​၊ တဒေရပင်​၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​တို့​သည် သင့်​ထံသို့​အတူတကွ​ရောက်လာ​ပြီး ငါ​၏​သန့်ရှင်းရာဌာန​ကို​တင့်တယ်​စေ​မည်​။ ငါ​သည် ငါ​၏​ခြေ​တင်​ရာ​အရပ်​ကို ဘုန်းကျက်သရေ​ရှိ​စေ​မည်​။ သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သင့်​ကို​စွန့်ပစ်​မုန်းတီး​ကြ​ပြီး မည်သူ​မျှ​မ​ဖြတ်သန်း​ကြ​သော်လည်း ငါ​သည် သင့်​ကို ထာဝရ​ဂုဏ်ယူဝင့်ကြွားစရာ​၊ မျိုးဆက်အဆက်ဆက်​ပျော်ရွှင်စရာ​ဖြစ်စေ​မည်​။ သင်​သည် လူမျိုးတကာ​တို့​၏​နို့​ကို​စို့​ရ​လိမ့်မည်​။ ရှင်ဘုရင်​တို့​၏​သားမြတ်​ကို စို့​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင်​ဖြစ်ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။ ငါ​သည် ကြေးနီ​အစား ရွှေ​၊ သံ​အစား ငွေ​၊ သစ်သား​အစား ကြေးနီ​၊ ကျောက်​အစား သံ​ကို ယူ​ခဲ့​မည်​။ ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​၏​ကြီးကြပ်ကွပ်ကဲ​သူ​ဖြစ်စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို သင်​၏​အုပ်ချုပ်သူ​ဖြစ်​စေ​မည်​။ သင်​၏​ပြည်​၌ ရက်စက်ကြမ်းကြုတ်မှု​အကြောင်း​၊ သင်​၏​နယ်နိမိတ်​အတွင်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​အကြောင်း ကြား​ရ​တော့​မည်​မ​ဟုတ်​။ သင်​၏​မြို့ရိုး​တို့​ကို “​ကယ်တင်​ခြင်း​”​၊ သင်​၏​မြို့​တံခါး​တို့​ကို “​ချီးမွမ်း​ခြင်း​”​ဟူ၍ သင်​ခေါ်ဆို​လိမ့်မည်​။ နေ့​အချိန် သင်​ရ​သော​အလင်း​သည် နေ​၏​အလင်း​မ​ဟုတ်​တော့​ပေ​။ တောက်ပ​သော​လ​သည်​လည်း သင့်​အပေါ်​ထွန်းလင်း​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌ ထာဝရ​အလင်း​ဖြစ်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​သည် သင်​၏​ဂုဏ်ကျက်သရေ​ဖြစ်​တော်မူ​မည်​။ သင်​၌ နေ​ဝင်​ခြင်း​၊ လ​ကွယ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌​ထာဝရ​အလင်း​ဖြစ်​တော်မူ​၍ သင်​ငိုကြွေးမြည်တမ်း​ရ​သော​နေ့ရက်​တို့ အဆုံးသတ်​လေ​ပြီ​။ သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။ လူ​အနည်းငယ်​သည် လူ​တစ်ထောင်​ဖြစ်လာ​မည်​။ အားနည်း​သော​လူမျိုး​သည် အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ငါ​ထာဝရဘုရား​သည် အချိန်တန်​လျှင် ထို​အရာ​ကို အလျင်အမြန်​ဖြစ်စေ​မည်​။