YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 6:1-13

ဟေရှာယ 6:1-13 Judson Bible (JBMLE)

ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။ ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။ သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။ ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။ ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​သ​ရပ်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ပေါ်​က မီး​ညှပ်​ဖြင့်​ယူ​သော မီး​ခဲ​တစ်​ခဲ​ကို လက်​နှင့်​ကိုင်​လျက်၊ ငါ​ရှိ​ရာ​သို့​ပျံ​လာ၍၊ ငါ့​နှုတ်​ကို​တို့​ပြီး​လျှင်၊ ဤ​မီး​ခဲ​သည် သင်၏​နှုတ်​ခမ်း​ကို​တွေ့​ပြီ။ သင်၏​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ဆို၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​အ​ဘယ်​သူ​ကို စေ​လွှတ်​ရ​မည်​နည်း။ ငါ​တို့​အ​ဖို့ အ​ဘယ်​သူ​သွား​မည်​နည်း​ဟု​မေး​တော်​မူ​သံ​ကို ငါ​ကြား​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား​ပြီး​လျှင်၊ သင်​တို့​သည် ကြား​လျက်​ပင်၊ အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ပြော​လော့။ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​လော့။ သူ​တို့ နား​ကို​လည်း ထိုင်း​စေ​လော့။ သူ​တို့​မျက်​စိ​ကို​လည်း ပိတ်​လော့​ဟု မိန့်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို ဝေး​သော​အ​ရပ်​သို့ ပြောင်း​စေ​တော်​မူ၍၊ ပြည်​ထဲ​မှာ များ​စွာ​သော​စွန့်​ပစ်​ခြင်း ရှိ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ထို​ကာ​လ​သည်​ကြာ​လိမ့်​မည်။ ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဟေရှာယ 6:1-13 Common Language Bible (BCL)

သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။- ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။- သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။ ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။ ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။- သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။ ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။- ငါ​သည်​လူ​တို့​အား​တစ်​ပါး​အ​ရပ်​သို့​ပြောင်း​ရွှေ့​စေ​၍ ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ​မည်။- အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)

ဟေရှာယ 6:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။ သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။ ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​”​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။ ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။ ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။ ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။ ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။ ထို့နောက် “​ငါ​မည်သူ့​ကို​စေလွှတ်​ရ​မည်နည်း​။ မည်သူ​သည် ငါ​တို့​အတွက် သွား​မည်နည်း​”​ဟု ဘုရားရှင်​မိန့်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ ထိုအခါ ငါ​က “​အကျွန်ုပ်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ကိုယ်တော်​က​လည်း “​ဤ​လူမျိုး​ထံ​သွား​၍ ‘​သင်​တို့​သည် ကြား​လျက်ပင် နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်​။ မြင်​လျက်ပင် သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​’​ဟု ပြော​လော့​။ ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊ ထာဝရဘုရား​သည် လူ​တို့​ကို​ဝေး​ရာ​သို့ နှင်ထုတ်​တော်မူ​၍ ပြည်​ထဲ​၌ စွန့်ခွာ​ထား​သော​နေရာ​များ​သာ​ကျန်ရှိ​သည့်​တိုင်အောင် ဖြစ်​၏​။ သပိတ်ပင်​နှင့်​ဝက်သစ်ချပင်​တို့​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ အငုတ်​သာ​ကျန်​သကဲ့သို့ ဆယ်ပုံတစ်ပုံ​သာ​ကြွင်းကျန်​သော​ထို​ပြည်​သည် ထပ်၍​ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ သန့်ရှင်း​သော​အမျိုးအနွယ်​သည် အငုတ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။