YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 6:1-13

ဟေရှာယအနာဂတ္တိကျမ်း 6:1-13 MSBU

ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။ သရပ်​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။ ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​”​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။ ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။ ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။ ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။ ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။ ထို့နောက် “​ငါ​မည်သူ့​ကို​စေလွှတ်​ရ​မည်နည်း​။ မည်သူ​သည် ငါ​တို့​အတွက် သွား​မည်နည်း​”​ဟု ဘုရားရှင်​မိန့်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ ထိုအခါ ငါ​က “​အကျွန်ုပ်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ကိုယ်တော်​က​လည်း “​ဤ​လူမျိုး​ထံ​သွား​၍ ‘​သင်​တို့​သည် ကြား​လျက်ပင် နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်​။ မြင်​လျက်ပင် သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​’​ဟု ပြော​လော့​။ ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊ ထာဝရဘုရား​သည် လူ​တို့​ကို​ဝေး​ရာ​သို့ နှင်ထုတ်​တော်မူ​၍ ပြည်​ထဲ​၌ စွန့်ခွာ​ထား​သော​နေရာ​များ​သာ​ကျန်ရှိ​သည့်​တိုင်အောင် ဖြစ်​၏​။ သပိတ်ပင်​နှင့်​ဝက်သစ်ချပင်​တို့​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ အငုတ်​သာ​ကျန်​သကဲ့သို့ ဆယ်ပုံတစ်ပုံ​သာ​ကြွင်းကျန်​သော​ထို​ပြည်​သည် ထပ်၍​ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ သန့်ရှင်း​သော​အမျိုးအနွယ်​သည် အငုတ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။