ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။ ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။ ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။ ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။ ထိုအခါ ကောင်းကင်တမန်သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုတွေ့ပြီ။ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။ တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့။ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။ အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တစ်ပြည်လုံးသည် လူဆိတ်ညံရာသက်သက် ဖြစ်သည်တိုင်အောင်လည်းကောင်း၊ ထာဝရဘုရားသည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာ များစွာသောစွန့်ပစ်ခြင်း ရှိသည်တိုင်အောင်လည်းကောင်း၊ ထိုကာလသည်ကြာလိမ့်မည်။ ထိုပြည်၌ ဆယ်ဖို့တွင်တစ်ဖို့ ကြွင်းသေးသော်လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ သို့ရာတွင်၊ ထင်းရှူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသောအနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
ဟေရှာယ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 6:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ