ဟေရှာယ 44:1-28
ဟေရှာယ 44:1-28 Judson Bible (JBMLE)
ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလ၊ နားထောင်လော့။ သင့်ကို ဖန်ဆင်းတော်မူသောဘုရား၊ ဖွားစကပင် သင့်ကိုပြုပြင်၍၊ နောင်၌လည်း မစလတ္တံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။ အကြောင်းမူကား၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကိုလည်းကောင်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း ငါသွန်းလောင်းမည်။ သူတို့သည်လည်း ရေမြောင်းအနားမှာ မိုးမခပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။ တစ်ယောက်က၊ ငါသည် ထာဝရဘုရား၏လူ ဖြစ်သည်ဟု ဆိုလိမ့်မည်။ တစ်ယောက်သည်လည်း၊ ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တစ်ယောက်သည်လည်း၊ ထာဝရဘုရား၏လူဟူ၍ မိမိလက်တွင် စာတန်းထိုးလျက်၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနုတ်သော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဖို့ခေါ်၍ ထုတ်ဖော် စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတ္တံ့သောအမှုတို့ကို သူတို့အား ဖော်ပြကြစေ။ မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသောမူလအမြစ်မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။ ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသော အရာတို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။ ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။ ထိုသူ၏ အပေါင်းအဖော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက်ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တစ်ပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။ ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှာ မီးခဲ၌ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။ လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေခြင်းငှာ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။ ကိုယ်အဖို့အလိုငှာ အာရဇ်ပင်တို့ကိုခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကိုရွေးယူသဖြင့်၊ တောပင်အမျိုးမျိုးတို့ကို ဆည်းပူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ မိုးရေလည်း မွေးတတ်၏။ လူသုံးရန် ထင်းဖြစ်၏။ လူလည်းယူ၍ မီးလှုံတတ်၏။ တစ်ဖန် မီးမွှေး၍ မုန့်ကို ပေါင်းတတ်၏။ တစ်ဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကိုထုလုပ်၍ ရုပ်တုရှေ့မှာ ပျပ်ဝပ်တတ်၏။ ထိုသစ်သားတစ်ပိုင်းနှင့် မီးမွှေးတတ်၏။ တစ်ပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏။ တစ်ဖန် မီးလှုံ၍ အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီဟု ဆိုတတ်၏။ ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။ ထိုသို့သောသူသည် ပညာမရှိ။ ဉာဏ်မရှိ။ မမြင်နိုင်အောင် မျက်စိကိုလည်းကောင်း၊ နားမလည်နိုင်အောင် စိတ်နှလုံးကိုလည်းကောင်း ပိတ်၏။ ငါသည် တစ်ပိုင်းနှင့် မီးမွှေးပြီး။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပျပ်ဝပ်ရမည်လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာ အလျှင်းမရှိပါတကား။ သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သောစိတ်နှင့် လမ်းလွဲပြီ။ ထိုကြောင့်၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ယာလက်၌ မိစ္ဆာဒိဌိပါသလောဟု မအောက်မေ့နိုင်ပါတကား။ အို ယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင်လော့။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ်၏။ အို ဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။ သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ပြန်လာလော့။ သင့်ကိုငါ ရွေးနုတ်ပြီ။ အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရားပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသောအသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။ သင့်ကို ရွေးနုတ်တော်မူ၍၊ ဖွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မိုးကောင်းကင်ကို ငါတစ်ပါးတည်းကြက်လျက်၊ မြေကြီးကို အဖော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။ ငါသည် မိစ္ဆာဆရာတို့၏ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကိုလှန်၍ သူတို့၏ပညာကို မိုက်စေတတ်၏။ ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍လည်းကောင်းဆို၏။ ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်းခြောက်စေမည် ဟူ၍လည်းကောင်း၊ ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်းဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍လည်းကောင်း ငါဆို၏။
ဟေရှာယ 44:1-28 Common Language Bible (BCL)
ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။ ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။ ``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။ သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။ ``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။ ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။ အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။ ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။- ဘုရားအဖြစ်ဝတ်ပြုကိုးကွယ်ရန်အတွက် ရုပ်တုကိုသွန်းလုပ်မှုသည်အကျိုးမရှိ ပါတကား။- ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။ ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။ ပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။- သူသည်မိမိအသုံးပြုရန်အာရဇ်ပင်(သစ်ကတိုး) ကိုခုတ်လှဲရ၏။ တောမှဝက်သစ်ချသား၊ သို့မ ဟုတ်ထင်းရှူးသားကိုရွေးချယ်ရာ၏။ ထိုသို့ မဟုတ်သေးလျှင်လည်းသပိတ်ပင်ကိုစိုက်ပျိုး ကာအပင်ပေါက်၍ရင့်သန်လာစေရန်မိုး ကိုစောင့်မျှော်တတ်၏။- လူသည်သစ်ပင်တစ်ပိုင်းကိုထင်းအဖြစ်ဖြင့် လည်းကောင်း၊ အခြားတစ်ပိုင်းကိုရုပ်တုထု လုပ်ရန်လည်းကောင်းအသုံးပြုတတ်၏။ သစ် ပင်တစ်ပိုင်းဖြင့်မီးလှုံရန်နှင့်မုန့်ဖုတ်ရန်မီး ကိုမွှေး၍အခြားတစ်ပိုင်းဖြင့် နတ်ဘုရား ရုပ်တုလုပ်ကာဝတ်ပြုကိုးကွယ်တတ်လေ သည်။- သူသည်သစ်သားအချို့ဖြင့်မီးကိုမွှေးပြီး လျှင် အမဲသားကိုကင်၍စားကာရောင့်ရဲ လျက်နေတတ်၏။ သူသည်မီးလှုံလျက်နေ ရင်း``ယခုငါသည်ပူနွေး၍လာလေပြီ။ ဤမီးသည်အလွန်နှစ်သက်ဖွယ်ကောင်း ပါသည်တကား'' ဟုဆိုတတ်၏။- ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။ ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။- ``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။ သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။ ထာဝရဘုရားက ``အို ဣသရေလအမျိုးသားတို့၊ ဤအကြောင်းအရာများကို အောက်မေ့သတိရကြလော့။ သင်တို့သည်ငါ၏အစေခံများဖြစ်သည် ကို အောက်မေ့သတိရကြလော့။ သင်တို့အားငါ့၏အစေခံများအဖြစ်ဖြင့် ငါဖန်ဆင်းခဲ့၏။ သို့ဖြစ်၍ငါသည်သင်တို့ကို အဘယ်အခါ၌မျှမေ့လျော့လိမ့်မည်မဟုတ်။ ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။'' အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။ ``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။ ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။ သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။ ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။ ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။
ဟေရှာယ 44:1-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါ့အစေအပါးယာကုပ်၊ ငါရွေးချယ်သောအစ္စရေး၊ ယခု နားထောင်လော့။ သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။ အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။ သူတို့သည် ချောင်းဘေးရှိ မိုးမခပင်ကဲ့သို့ မြက်ပင်ကြားတွင် ပေါက်ကြလိမ့်မည်။ တစ်ယောက်က ‘ငါသည် ထာဝရဘုရားနှင့်ဆိုင်၏’ဟု ဆိုလိမ့်မည်။ တစ်ယောက်ကလည်း မိမိအမည်ကို ယာကုပ်ဟု မှည့်ခေါ်လိမ့်မည်။ တစ်ယောက်ကလည်း ‘ထာဝရဘုရားနှင့်ဆိုင်၏’ဟု မိမိလက်တွင်ရေးထားလျက် အစ္စရေးအမည်ကို ခံယူလိမ့်မည်”ဟု မိန့်တော်မူ၏။ အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ရှေးခေတ်လူမျိုးကို ငါတည်စေသည့်ကာလမှစ၍ မည်သူသည် ငါနှင့်တူသနည်း။ ထိုသူ ဖော်ပြပါစေ၊ ပြောပြပါစေ၊ ငါ့ရှေ့၌ အစီအစဉ်တကျချပြပါစေ။ သူတို့သည် ဖြစ်ဆဲနှင့်ဖြစ်လာမည့်အရာများကိုလည်း ကြိုပြောကြပါစေ။ မကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။ ရှေးယခင်ကတည်းက သင်တို့ကို ငါပြောကြားခဲ့ပြီ၊ ကြားသိစေခဲ့ပြီမဟုတ်လော။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး အခြားဘုရားရှိသလော။ အခြားကျောက်ဆောင်မရှိ၊ ရှိသည်ကို ငါမသိ။ ရုပ်တုဆင်းတုကိုထုလုပ်သောသူအားလုံးတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ သူတို့တပ်မက်သောအရာတို့သည် အကျိုးမရှိ။ သူတို့၏သက်သေတို့သည်လည်း မမြင်တတ်၊ မသိတတ်သောကြောင့် အရှက်ကွဲကြရလိမ့်မည်။ မည်သူသည် အကျိုးမပေးနိုင်သောဘုရားရုပ်တုကို ထုလုပ်သနည်း။ မည်သူသည် အကျိုးမပေးနိုင်သောရုပ်တုဆင်းတုကို သွန်းလုပ်သနည်း။ သူ၏အပေါင်းအဖော်အားလုံး အရှက်ကွဲရလိမ့်မည်။ လက်မှုပညာသည်တို့သည် လူမျှသာဖြစ်၏။ သူတို့အားလုံး စုရုံး၍ ရပ်နေကြပါစေ။ သူတို့သည် ကြောက်ရွံ့လျက် အတူတကွအရှက်ကွဲရလိမ့်မည်။ ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။ ပန်းပုသမားသည် သစ်သားကို မျဉ်းကြိုးဖြင့်တိုင်း၍ စူးနှင့်မှတ်သားတတ်၏။ ဆောက်နှင့်ထွင်းပြီး ကွန်ပါနှင့်မှတ်သားတတ်၏။ တင့်တယ်သောလူ၏ပုံသဏ္ဌာန်ကဲ့သို့ ထုလုပ်ပြီး ဝတ်ကျောင်းထဲတွင် စံပယ်စေ၏။ သူသည် မိမိအတွက် သစ်ကတိုးပင်ကို ခုတ်ယူ၏။ ကျောက်ပန်းပင်၊ ဝက်သစ်ချပင်ကို ရွေးယူ၍ တောသစ်ပင်များအလယ်တွင် သန်မာကြီးထွားအောင် စိုက်ပျိုး၏။ ထင်းရှူးပင်ကိုလည်းစိုက်၍ မိုးရေသည် ကြီးထွားစေတတ်၏။ လူသည် ထိုအပင်တို့ကို ထင်းအဖြစ်သုံး၏။ တစ်ပိုင်းကိုယူ၍ မီးလှုံ၏။ မီးမွှေး၍လည်း မုန့်ဖုတ်တတ်၏။ ဘုရားရုပ်တုကိုလည်း ပြုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုဆင်းတုထုလုပ်၍ ပျပ်ဝပ်တတ်၏။ သစ်တစ်ပိုင်းကို မီးရှို့၏။ ထိုသစ်တစ်ပိုင်းအပေါ်၌ပင် အသားကိုကင်၏။ အသားကင်ကို ဝစွာစား၏။ မီးလှုံ၍ ‘အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီ’ဟု ဆိုတတ်၏။ သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။ သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။ ‘ငါသည် သစ်တစ်ပိုင်းကိုမီးရှို့၍ မီးခဲပေါ်တွင် မုန့်ဖုတ်လေပြီ။ အသားကိုလည်း ကင်၍ စားလေပြီ။ ကျန်တစ်ပိုင်းကို စက်ဆုပ်ရွံရှာဖွယ်သောအရာဖြစ်စေရမည်လော။ သစ်တုံးရှေ့တွင် ငါပျပ်ဝပ်ရမည်လော’ဟု ဆိုနိုင်လောက်အောင် မည်သူမျှ မဆင်ခြင်၊ မည်သူမျှ အသိတရားမရှိ၊ ဉာဏ်မရှိ။ သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။ အို ယာကုပ်အမျိုး၊ ဤအရာတို့ကို သတိရလော့။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါပုံဖော်ဖန်ဆင်းသည်ဖြစ်၍ သင်သည် ငါ၏အစေအပါးဖြစ်၏။ အို အစ္စရေးလူမျိုး၊ သင့်ကို ငါမေ့လျော့မည်မဟုတ်။ သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။ အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။ သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။ ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။ ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။ ငါသည် သမုဒ္ဒရာကို ‘ခန်းခြောက်လော့။ သင်၏မြစ်တို့ကိုလည်း ငါခြောက်သွေ့စေမည်’ဟု မိန့်ဆို၏။ ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။