YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 44:1-28

ဟေရှာယအနာဂတ္တိကျမ်း 44:1-28 MSBU

ငါ့​အစေအပါး​ယာကုပ်​၊ ငါ​ရွေးချယ်​သော​အစ္စရေး​၊ ယခု နားထောင်​လော့​။ သင့်​ကို​ဖန်ဆင်း​သော​အရှင်​၊ သင့်​ကို ဝမ်း​ထဲကပင်​ပုံဖော်ဖန်ဆင်း​တော်မူ​၍ သင့်​ကို​ကူညီမစ​သော​ထာဝရဘုရား​က “​ငါ့​အစေအပါး ယာကုပ်​၊ ငါ​ရွေးချယ်​သော​ယေရှုရုန်​၊ မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် ရေငတ်​နေ​သော​ပြည်​အပေါ် ရေ​ကို​သွန်းလောင်း​မည်​။ ခြောက်သွေ့​သော​မြေ​ပေါ်တွင် စမ်းရေ​စီး​စေ​မည်​။ သင်​၏​သားစဉ်မြေးဆက်​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သင်​၏​သားမြေး​တို့​အပေါ် ငါ့​ကောင်းချီးမင်္ဂလာ​ကို သွန်းလောင်း​မည်​။ သူ​တို့​သည် ချောင်း​ဘေး​ရှိ မိုးမခပင်​ကဲ့သို့ မြက်ပင်​ကြား​တွင် ပေါက်​ကြ​လိမ့်မည်​။ တစ်​ယောက်​က ‘​ငါ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု ဆို​လိမ့်မည်​။ တစ်​ယောက်​က​လည်း မိမိ​အမည်​ကို ယာကုပ်​ဟု မှည့်ခေါ်​လိမ့်မည်​။ တစ်​ယောက်​က​လည်း ‘​ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု မိမိ​လက်​တွင်​ရေး​ထား​လျက် အစ္စရေး​အမည်​ကို ခံယူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ရှေးခေတ်​လူမျိုး​ကို ငါ​တည်​စေ​သည့်​ကာလ​မှစ၍ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ ထို​သူ ဖော်ပြ​ပါစေ​၊ ပြောပြ​ပါစေ​၊ ငါ့​ရှေ့​၌ အစီအစဉ်​တကျ​ချပြ​ပါစေ​။ သူ​တို့​သည် ဖြစ်ဆဲ​နှင့်​ဖြစ်လာ​မည့်​အရာ​များ​ကို​လည်း ကြိုပြော​ကြ​ပါစေ​။ မ​ကြောက်​ကြ​နှင့်​။ မ​စိုးရိမ်​ကြ​နှင့်​။ ရှေးယခင်​ကတည်းက သင်​တို့​ကို ငါ​ပြောကြား​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​မ​ဟုတ်​လော​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​ရှိ​သလော​။ အခြား​ကျောက်ဆောင်​မ​ရှိ​၊ ရှိ​သည်​ကို ငါ​မ​သိ​။ ရုပ်တုဆင်းတု​ကို​ထုလုပ်​သော​သူ​အားလုံး​တို့​သည် အချည်းနှီး​သက်သက်​ဖြစ်​ကြ​၏​။ သူ​တို့​တပ်မက်​သော​အရာ​တို့​သည် အကျိုး​မ​ရှိ​။ သူ​တို့​၏​သက်သေ​တို့​သည်​လည်း မ​မြင်​တတ်​၊ မ​သိ​တတ်​သောကြောင့် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ မည်သူ​သည် အကျိုး​မ​ပေး​နိုင်​သော​ဘုရား​ရုပ်တု​ကို ထုလုပ်​သနည်း​။ မည်သူ​သည် အကျိုး​မ​ပေး​နိုင်​သော​ရုပ်တုဆင်းတု​ကို သွန်းလုပ်​သနည်း​။ သူ​၏​အပေါင်းအဖော်​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​။ လက်မှုပညာသည်​တို့​သည် လူ​မျှသာ​ဖြစ်​၏​။ သူ​တို့​အားလုံး စုရုံး​၍ ရပ်​နေ​ကြ​ပါစေ​။ သူ​တို့​သည် ကြောက်ရွံ့​လျက် အတူတကွ​အရှက်ကွဲ​ရ​လိမ့်မည်​။ ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။ ပန်းပုသမား​သည် သစ်သား​ကို မျဉ်းကြိုး​ဖြင့်​တိုင်း​၍ စူး​နှင့်​မှတ်သား​တတ်​၏​။ ဆောက်​နှင့်​ထွင်း​ပြီး ကွန်ပါ​နှင့်​မှတ်သား​တတ်​၏​။ တင့်တယ်​သော​လူ​၏​ပုံသဏ္ဌာန်​ကဲ့သို့ ထုလုပ်​ပြီး ဝတ်ကျောင်း​ထဲတွင် စံပယ်​စေ​၏​။ သူ​သည် မိမိ​အတွက် သစ်ကတိုးပင်​ကို ခုတ်ယူ​၏​။ ကျောက်ပန်းပင်​၊ ဝက်သစ်ချပင်​ကို ရွေးယူ​၍ တော​သစ်ပင်​များ​အလယ်​တွင် သန်မာကြီးထွား​အောင် စိုက်ပျိုး​၏​။ ထင်းရှူးပင်​ကို​လည်း​စိုက်​၍ မိုးရေ​သည် ကြီးထွား​စေ​တတ်​၏​။ လူ​သည် ထို​အပင်​တို့​ကို ထင်း​အဖြစ်​သုံး​၏​။ တစ်ပိုင်း​ကို​ယူ​၍ မီးလှုံ​၏​။ မီးမွှေး​၍​လည်း မုန့်​ဖုတ်​တတ်​၏​။ ဘုရား​ရုပ်တု​ကို​လည်း ပြုလုပ်​၍ ကိုးကွယ်​တတ်​၏​။ ရုပ်တုဆင်းတု​ထုလုပ်​၍ ပျပ်ဝပ်​တတ်​၏​။ သစ်​တစ်ပိုင်း​ကို မီးရှို့​၏​။ ထို​သစ်​တစ်ပိုင်း​အပေါ်​၌​ပင် အသား​ကို​ကင်​၏​။ အသားကင်​ကို ဝစွာ​စား​၏​။ မီးလှုံ​၍ ‘​အယ်​၊ ငါ​နွေး​ပြီ​။ မီး​ကို​တွေ့​ပြီ​’​ဟု ဆို​တတ်​၏​။ သူ​သည် ကျန်တစ်ပိုင်း​ဖြင့် သူ​၏​ဘုရား​ဖြစ်​သော ရုပ်တုဆင်းတု​ကို ထုလုပ်​တတ်​၏​။ ထို​ရုပ်တု​ကို ပျပ်ဝပ်​ကိုးကွယ်​လျက် ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​’​ဟု ဆုတောင်း​တတ်​၏​။ သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​၊ သူ​တို့​၏​စိတ်နှလုံး​သည် နား​မ​လည်​နိုင်​အောင်​ပိတ်​လျက်​ရှိ​သဖြင့် သူ​တို့​သည် ဘာမျှ​မ​သိ​၊ ဘာမျှ​နား​မ​လည်​ကြ​။ ‘​ငါ​သည် သစ်​တစ်ပိုင်း​ကို​မီးရှို့​၍ မီးခဲ​ပေါ်တွင် မုန့်​ဖုတ်​လေ​ပြီ​။ အသား​ကို​လည်း ကင်​၍ စား​လေ​ပြီ​။ ကျန်တစ်ပိုင်း​ကို စက်ဆုပ်ရွံရှာဖွယ်​သော​အရာ​ဖြစ်စေ​ရ​မည်လော​။ သစ်တုံး​ရှေ့​တွင် ငါ​ပျပ်ဝပ်​ရ​မည်လော​’​ဟု ဆို​နိုင်​လောက်အောင် မည်သူ​မျှ မ​ဆင်ခြင်​၊ မည်သူ​မျှ အသိတရား​မ​ရှိ​၊ ဉာဏ်​မ​ရှိ​။ သူ​သည် ပြာပုံ​တွင်​ကျက်စား​၏​။ သူ​၏​စိတ်နှလုံး​သည် လှည့်စား​ခြင်း​ခံရ​၍ သူ့​ကို​လမ်းလွဲ​စေ​ပြီ​။ သူ​သည် ကိုယ့်​ဝိညာဉ်​ကို ကိုယ်​မ​ကယ်တင်​နိုင်​။ ‘​ငါ့​လက်ယာ​လက်​ထဲ၌​ရှိ​သော​အရာ​ကား မုသား​သာ​မ​ဟုတ်​လော​’​ဟု ပြော​နိုင်​စွမ်း​မ​ရှိ​။ အို ယာကုပ်​အမျိုး​၊ ဤ​အရာ​တို့​ကို သတိရ​လော့​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ပုံဖော်ဖန်ဆင်း​သည်​ဖြစ်၍ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို ငါ​မေ့လျော့​မည်​မ​ဟုတ်​။ သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။ အို မိုးကောင်းကင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပြီ​ဖြစ်၍ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ မြေကြီး​၏​နက်ရှိုင်း​သော​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ အို တောင်​တို့​၊ ဟစ်ကြော်​ကြ​လော့​။ တော​နှင့်တကွ သစ်ပင်​အပေါင်း​တို့​၊ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​၌ ဘုန်းထင်ရှား​တော်မူ​ပြီ​။ သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။ ငါ​သည် ပရောဖက်​အတုအယောင်​တို့​၏​နိမိတ်လက္ခဏာ​များ​ကို ပယ်ဖျက်​၏​။ ဂမ္ဘီရပညာ​တတ်မြောက်​သူ​တို့​ကို ရူးသွပ်​စေ​၏​။ ပညာရှိ​တို့​ကို နောက်ပြန်​လှန်​စေ​၍ သူ​တို့​၏​အသိပညာ​ကို မိုက်မဲ​စေ​၏​။ ငါ​သည် ငါ့​အစေအပါး​၏​စကား​ကို တည်​စေ​၏​။ ငါ့​စေတမန်​တို့​၏​အကြံဉာဏ်​ကို အထမြောက်​စေ​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​သည် လူ​တို့​နေထိုင်​ရာ​အရပ်​ဖြစ်​လိမ့်မည်​’​ဟူ၍​လည်းကောင်း​၊ ယုဒ​မြို့​တို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​တို့​သည် တည်ဆောက်​ခြင်း​ခံရ​မည်​။ မြို့​၏​ပြိုပျက်​ရာ​တို့​ကို ငါ​ပြန်လည်​ထူထောင်​မည်​’​ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။ ငါ​သည် သမုဒ္ဒရာ​ကို ‘​ခန်းခြောက်​လော့​။ သင်​၏​မြစ်​တို့​ကို​လည်း ငါ​ခြောက်သွေ့​စေ​မည်​’​ဟု မိန့်ဆို​၏​။ ကုရု​မင်းကြီး​နှင့်​ပတ်သက်၍ ‘​သူ​သည် ငါ​၏​သိုးထိန်း​ဖြစ်၍ ငါ့​အလိုဆန္ဒ​ရှိသမျှ​ကို သူ​ပြည့်စုံ​စေ​မည်​’​ဟု ငါ​မိန့်ဆို​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​ကို တည်ဆောက်​ကြ​လိမ့်မည်​’​၊ ဗိမာန်တော်​နှင့်​ပတ်သက်၍ ‘​ဗိမာန်တော်​ကို အုတ်မြစ်ချ​ကြ​လိမ့်မည်​’​ဟု ငါ​မိန့်ဆို​၏​”​ဟူ၍ မိန့်​တော်မူ​၏​။