YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 44

44
တစ်​ဆူ​တည်း​သော​ဘု​ရား
1ယ​ခု​မူ​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ဣ​သ​ရေ​လ၊ နား​ထောင်​လော့။ 2သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား၊ ဖွား​စ​က​ပင် သင့်​ကို​ပြု​ပြင်၍၊ နောင်၌​လည်း မ​စ​လ​တ္တံ့​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ယေ​ရှု​ရုန်၊ မ​စိုး​ရိမ်​နှင့်။ 3အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။ 4သူ​တို့​သည်​လည်း ရေ​မြောင်း​အ​နား​မှာ မိုး​မ​ခ​ပင်​ကဲ့​သို့၊ မြက်​ပင်​ထဲ​တွင် ပေါက်​ကြ​လိမ့်​မည်။ 5တစ်​ယောက်​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ဟု ဆို​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ယာ​ကုပ်​အ​မည်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဟူ၍ မိ​မိ​လက်​တွင် စာ​တန်း​ထိုး​လျက်၊ ဣ​သ​ရေ​လ​အ​မည်​သစ်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။
6ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။#ဟေ​ရှာ၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 7ရှေး​လူ​မျိုး​ကို ငါ​ခန့်​ထား​သည်​မှ​စ၍၊ ငါ​ကဲ့​သို့ အ​ဘယ်​သူ​သည် ဤ​အ​မှု​တို့​ကို ငါ့​အ​ဖို့​ခေါ်၍ ထုတ်​ဖော် စီ​ရင်​နိုင်​မည်​နည်း။ ဖြစ်​ဆဲ​သော​အ​မှု​နှင့် ဖြစ်​လ​တ္တံ့​သော​အ​မှု​တို့​ကို သူ​တို့​အား ဖော်​ပြ​ကြ​စေ။ 8မ​စိုး​ရိမ်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။ အ​ထက်​က ငါ​ဟော​ပြော​ပြ​သ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ငါ၏​သက်​သေ ဖြစ်​ကြ၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင် ရှိ​သ​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော​မူ​လ​အ​မြစ်​မ​ရှိ။ တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​သိ။
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပြက်​ရယ်​ပြု​ခြင်း
9ရုပ်​တု​ဆင်း​တု​ကို လုပ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​နှ​မြော​သော အ​ရာ​တို့​သည် အ​ကျိုး​ကို မ​ပေး​နိုင်​ကြ။ ငါ​တို့​သည် မ​မြင်​တတ်၊ နား​မ​လည်​တတ်​ဟု ရှက်​စ​ရာ​အ​ကြောင်း​ကို ကိုယ်​တိုင် သက်​သေ​ခံ​ကြ၏။ 10ဘု​ရား​ကို လုပ်​သော​သူ၊ အ​ကျိုး​မ​ပေး​နိုင်​သော ရုပ်​တု​ဆင်း​တု​ကို သွန်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။ 11ထို​သူ၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ရှက်​ကြ​လိမ့်​မည်။ လုပ်​သော​သူ​တို့​သည် လူ​သက်​သက်​ဖြစ်​ကြ၏။ ရှိ​သ​မျှ​တို့​သည် စု​ဝေး၍ ထ​ကြ​စေ။ တစ်​ပြိုင်​နက် ထိတ်​လန့်​ရှက်​ကြောက်​ကြ​လိမ့်​မည်။
12ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။ 13လက်​သ​မား​သည် မျဉ်း​ချ​လျက် စူး​နှင့် မှတ်​သား၍၊ လက်​သ​မား​တန်​ဆာ​နှင့် လုပ်​ပြီး​လျှင်၊ အိမ်၌​နေ​စေ​ခြင်း​ငှာ ကွန်​ပါ​နှင့် ရေး​သား၍၊ လူ​အ​သ​ရေ​ပါ​အောင် လူ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ ထု​လုပ်​တတ်၏။ 14ကိုယ်​အ​ဖို့​အ​လို​ငှာ အာ​ရဇ်​ပင်​တို့​ကို​ခုတ်၍ ကု​ပ​ရု​ပင်၊ သ​ပိတ်​ပင်​တို့​ကို​ရွေး​ယူ​သ​ဖြင့်၊ တော​ပင်​အ​မျိုး​မျိုး​တို့​ကို ဆည်း​ပူး​တတ်၏။ အာ​ရဇ်​ပင်​ကို​စိုက်၍ မိုး​ရေ​လည်း မွေး​တတ်၏။ 15လူ​သုံး​ရန် ထင်း​ဖြစ်၏။ လူ​လည်း​ယူ၍ မီး​လှုံ​တတ်၏။ တစ်​ဖန် မီး​မွှေး၍ မုန့်​ကို ပေါင်း​တတ်၏။ တစ်​ဖန် ဘု​ရား​ကို​လုပ်၍ ကိုး​ကွယ်​တတ်၏။ ရုပ်​တု​ကို​ထု​လုပ်၍ ရုပ်​တု​ရှေ့​မှာ ပျပ်​ဝပ်​တတ်၏။ 16ထို​သစ်​သား​တစ်​ပိုင်း​နှင့် မီး​မွှေးတတ်၏။ တစ်​ပိုင်း​နှင့် အ​မဲ​သား​ကို​ချက်၍ စား​တတ်၏။ ဖုတ်​ကင်​ပြီး​မှ ဝ​စွာ​စား​တတ်၏။ တစ်​ဖန် မီး​လှုံ၍ အယ်၊ ငါ​နွေး​ပြီ။ မီး​ကို​တွေ့​ပြီ​ဟု ဆို​တတ်၏။ 17ကျန်​သော​အ​ပိုင်း​ကို​လည်း​ယူ၍ ရုပ်​တု​တည်း​ဟူ​သော ဘု​ရား​ကို လုပ်​တတ်၏။ ထို​ရုပ်​တု​ရှေ့​မှာ ပျပ်​ဝပ်၍ ကိုး​ကွယ်​တတ်၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​ကယ်​တင်​တော်​မူ​ပါ​ဟူ၍ ဆု​တောင်း​တတ်၏။ 18ထို​သို့​သော​သူ​သည် ပ​ညာ​မ​ရှိ။ ဉာဏ်​မ​ရှိ။ မ​မြင်​နိုင်​အောင် မျက်​စိ​ကို​လည်း​ကောင်း၊ နား​မ​လည်​နိုင်​အောင် စိတ်​နှ​လုံး​ကို​လည်း​ကောင်း ပိတ်၏။ 19ငါ​သည် တစ်​ပိုင်း​နှင့် မီး​မွှေးပြီး။ မုန့်​ကို​လည်း ထို​မီး​ခဲ​ပေါ်​မှာ ဖုတ်​လေ​ပြီ။ အ​မဲ​သား​ကို​လည်း ကင်၍ စား​လေ​ပြီ။ ကြွင်း​သော အ​ပိုင်း​ကို စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​စေ​ရ​မည်​လော။ သစ်​သား​ရှေ့​မှာ ငါ​ပျပ်​ဝပ်​ရ​မည်​လော​ဟု စိတ်​နှ​လုံး​ထဲ​မှာ အောက်​မေ့​ဆင်​ခြင်​နိုင်​သော ဉာဏ်​ပ​ညာ အ​လျှင်း​မ​ရှိ​ပါ​တ​ကား။ 20သူ​သည် မီး​ဖို​ပြာ​ကို ကျက်​စား​တတ်၏။ မိုက်​သော​စိတ်​နှင့် လမ်း​လွဲ​ပြီ။ ထို​ကြောင့်၊ ကိုယ်​ဝိ​ညာဉ်​ကို ကိုယ်​မ​ချွတ်​နိုင်။ မိ​မိ​လက်​ယာ​လက်၌ မိ​စ္ဆာ​ဒိ​ဌိ​ပါ​သ​လော​ဟု မ​အောက်​မေ့​နိုင်​ပါ​တ​ကား။
ဣ​သ​ရေ​လ​တို့၏​ကယ်​တင်​ရှင်
21အို ယာ​ကုပ်​အ​မျိုး၊ ဤ​အ​ရာ​တို့​ကို ဆင်​ခြင်​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏။ သင့်​ကို ငါ​ဖန်​ဆင်း​သည်​ဖြစ်၍၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို ငါ​မ​မေ့​မ​လျော့။ 22သင်၏​ဒု​စ​ရိုက်​တို့​ကို တိမ်​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​အ​ပြစ်​တို့​ကို တိမ်​လွှာ​ကဲ့​သို့​လည်း​ကောင်း ငါ​ချေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​လော့။ သင့်​ကို​ငါ ရွေး​နုတ်​ပြီ။ 23အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ပြီ။ မြေ​ကြီး​အောက်​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ၊ တော​နှင့်​တ​ကွ သစ်​ပင်​များ​တို့၊ ကျူး​ဧ​သော​အ​သံ​ကို ပေး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ပြီ။
24သင့်​ကို ရွေး​နုတ်​တော်​မူ၍၊ ဖွား​စ​က​ပင် သင့်​ကို ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မိုး​ကောင်း​ကင်​ကို ငါ​တစ်​ပါး​တည်း​ကြက်​လျက်၊ မြေ​ကြီး​ကို အ​ဖော်​မ​ရှိ​ဘဲ ခင်း​လျက်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 25ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။#၁​ကော၊ ၁:၂၀။ 26ငါ​သည် ငါ့​ကျွန်၏​စ​ကား​ကို​တည်​စေ၍၊ ငါ့​တ​မန်​တို့​ဟော​ပြော​သည်​အ​တိုင်း ပြု​တတ်၏။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​သည် လူ​နေ​ရာ​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ယု​ဒ​မြို့​တို့​ကို သင်​တို့​သည် တည်​ဆောက်​လျက် ရှိ​ကြ​လိမ့်​မည်။ ပြို​ပျက်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်​ဟူ၍​လည်း​ကောင်း​ဆို၏။ 27ပင်​လယ်​ကို​လည်း ရေ​ကုန်​စေ။ သင်၏​မြစ်​အ​ပေါင်း​ကို ငါ​ခန်း​ခြောက်​စေ​မည် ဟူ၍​လည်း​ကောင်း၊ 28ကု​ရု​မင်း​ကို​လည်း၊ သင်​သည် ငါ့​သိုး​ထိန်း​ဖြစ်၏။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ပြည့်​စုံ​စေ​လျက်၊ ယေ​ရု​ရှ​လင်​မြို့​တည်​ဆောက်​စေ၊ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ​စေ​ဟု စီ​ရင်​လိမ့်​မည်​ဟူ၍​လည်း​ကောင်း ငါ​ဆို၏။#၆ ရာ၊ ၃၆:၂၃။ ဧ​ဇ၊ ၁:၂။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 44: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။