YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42:1-25

ဟေရှာယ 42:1-25 Judson Bible (JBMLE)

ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။ အော်​ဟစ်​ခြင်း၊ ကြွေး​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။ နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို မ​ချိုး။ အ​တောက်​သေး​သော မီး​စာ​ကို မ​သတ်။ တ​ရား​သည် မြဲ​မြံ​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊ လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။ အ​ရင်​ဟော​သော အ​ရာ​တို့​သည်​ဖြစ်​ကြ​ပြီ။ အ​သစ်​သော​အ​ရာ​တို့​ကို ယ​ခု ငါ​ဟော၏။ မ​ပေါ်​လာ​မီ သင်​တို့​အား ငါ​ပြ​နှင့်၏။ ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ တော​နှင့်​တ​ကွ တော၌​ရှိ​သော​မြို့​ရွာ၊ ကေ​ဒါ​အ​ရပ်​သား​တို့​သည် ကြွေး​ကြော်​ကြ​စေ။ ကျောက်၌​နေ​သော သူ​တို့​သည် သီ​ချင်း​ဆို​ကြ​စေ။ တောင်​ထိပ်​ပေါ်​က ကြွေး​ကြော်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌ ဂုဏ်​တော်​ကို ထင်​ရှား​စွာ ချီး​မွမ်း​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။ ငါ​သည် ကြာ​မြင့်​စွာ တိတ်​ဆိတ်​လျက်​နေ​ပြီ။ ထို​သို့​နေ၍ အောင့်​ရ​ဦး​မည်​လော။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​ကဲ့​သို့ ငါ​အော်​ဟစ်​မည်။ ပင့်​သက်​ရှူ၍ ချက်​ချင်း ဖျက်​ဆီး​မည်။ တောင်​ကြီး​တောင်​ငယ်​များ​ကို သွေ့​ခြောက်​စေ​မည်။ သူ​တို့​အ​ပင် ရှိ​သ​မျှ​တို့​ကို​လည်း ညှိုး​နွမ်း​စေ​မည်။ မြစ်​များ​ကို ကုန်း​ဖြစ်​စေ​မည်။ ရေ​ကန်​များ​ကို ခန်း​ခြောက်​စေ​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။ ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့၊ ကြား​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့၊ သင်​တို့​သည် မြင်​ရ​အံ့​သော​ငှာ ကြည့်​ရှု​ကြ​လော့။ ငါ့​ကျွန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကန်း​သ​နည်း။ ငါ​စေ​လွှတ်​သော​တ​မန်​ကဲ့​သို့ အ​ဘယ်​သူ​သည် နား​ပင်း​သ​နည်း။ ငါ့​မိတ်​ဆွေ​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ သင်​သည် များ​စွာ​မြင်​သော်​လည်း အာ​ရုံ​မ​ပြု​တတ်။ နား​ပွင့်​လျက်​ရှိ​သော်​လည်း မ​ကြား​တတ်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။ ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။ သင်​တို့​တွင် အ​ဘယ်​သူ​သည် ဤ​စ​ကား​ကို နား​ထောင်​မည်​နည်း။ နောင်​ကာ​လ​ဖို့ အ​ဘယ်​သူ​ကြား၍ မှတ်​မည်​နည်း။ လု​ယူ​ရာ​ဖြစ်​စေ​ခြင်း​ငှာ ယာ​ကုပ်​ကို​လည်း​ကောင်း၊ ဓား​ပြ​တို့​လက်​သို့ ဣ​သ​ရေ​လ​ကို​လည်း​ကောင်း အ​ဘယ်​သူ​အပ်​သ​နည်း။ ငါ​တို့​ပြစ်​မှား​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နောက်​တော်​သို့​မ​လိုက်၊ တ​ရား​တော်​ကို မ​ကျင့်​ဘဲ နေ​ကြ၏။ ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။

ဟေရှာယ 42:1-25 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။ သူ​သည်​အော်​ဟစ်​၍​အ​သံ​ကို​လွှင့်​၍ စ​ကား​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။ လမ်း​များ​ပေါ်​တွင်​လည်း​ကျယ်​လောင်​စွာ​မိန့် ခွန်း စ​ကား​များ​ကို​ပြော​ကြား​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​ကောက်​နေ​သော​ကူ​ရိုး​ကို​မ​ချိုး၊ မှိတ် တုတ် မှိတ်​တုတ်၊ သေ​ခါ​နီး​မီး​ကို​မ​ငြိမ်း​သတ်​ဘဲ​ရှိ လိမ့်​မည်။ သူ​သည်​လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။ သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။'' ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊ ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။ သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။ ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။ ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။'' သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လော့။ ပင်​လယ်​တွင်​ကူး​သန်း​သွား​လာ​သူ​တို့​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပင်​လယ်​သတ္တ​ဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ရပ်​ဝေး​နိုင်​ငံ​များ​နှင့်​ယင်း​တို့​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ​လော့။ တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။ ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။ ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။ ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။ ``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။ ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။'' ထာ​ဝ​ရ​ဘု​ရား​က ``အ​ချင်း​နား​ဆွံ့​သူ​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​မျက်​မ​မြင်​တို့​သေ​ချာ​စွာ​ကြည့်​ကြ​လော့။ ငါ​၏​အ​စေ​ခံ​ထက်​ပို​၍​မျက်​စိ​ကန်း​သူ၊ ငါ​စေ​လွှတ်​လိုက်​သည့်​တ​မန်​တော်​ထက်​ပို​၍ နား​ဆွံ့​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။ သင်​တို့​အ​ထဲ​မှ​အ​ဘယ်​သူ​သည်​ဤ​စ​ကား​ကို နား​ထောင်​ပါ​မည်​နည်း။ သင်​တို့​သည်​ယ​ခု​အ​ချိန်​မှ​စ​၍​သေ​ချာ​စွာ နား​ထောင်​ကြ​မည်​လော။ အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ​တို့​အား​မိ​မိ​၏ အ​မျက်​တော်​အ​ရှိန်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သော​စစ်​မက်​အန္တ​ရာယ်​ကို​လည်း​ကောင်း ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​တွင် တောက်​လောင်​လျက်​ရှိ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​နေ သည်​ကို ငါ​တို့​မ​သိ​ကြ။ ငါ​တို့​သည်​ထို​အ​မှု​အ​ရာ​မှ​အ​ဘယ် သင်​ခန်း​စာ​ကို​မျှ​မ​ရ​ကြ။

ဟေရှာယ 42:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။ သူ​သည် အော်ဟစ်​မည်​မ​ဟုတ်​။ ကြွေးကြော်​မည်​မ​ဟုတ်​။ လမ်း​ပေါ်မှာ သူ့​အသံ​ကို ကြား​ရ​မည်​မ​ဟုတ်​။ ကျိုးခါနီး​ကျူပင်​ကို မ​ချိုး​။ ငြိမ်းခါနီး​မီးစာ​ကို မ​ငြှိမ်းသတ်​။ တရားမျှတ​ခြင်း​အကြောင်း​ကို သစ္စာရှိ​စွာ ထုတ်ဖော်​မည်​။ သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။ မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။ သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။ ကြည့်ရှု​လော့​။ ယခင်​ဟော​ခဲ့​သော​အရာ​တို့​သည် ဖြစ်လာ​ပြီ​။ အသစ်​သော​အရာ​တို့​ကို ငါ​ဟောပြော​၏​။ ထို​အရာ​တို့ ဖြစ်​မ​လာ​မီ သင်​တို့​ကို ငါ​သိ​စေ​၏​။ ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။ တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။ သူ​တို့​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ကမ်းရိုးတန်းဒေသ​တို့​၌ ပြောကြား​ကြ​ပါစေ​။ ထာဝရဘုရား​သည် သူရဲကောင်း​ကဲ့သို့​ကြွ​တော်မူ​မည်​။ စိတ်အားထက်သန်မှု​ကို စစ်သူရဲ​ကဲ့သို့ လှုံ့ဆော်​တော်မူ​မည်​။ ကိုယ်တော်​သည် ကြွေးကြော်​တော်မူ​မည်​။ ဟစ်အော်​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​ကို အောင်​နိုင်​တော်မူ​မည်​။ ငါ​သည် အချိန်​ကြာကြာ တိတ်ဆိတ်​စွာ​နေ​ခဲ့​ပြီ​။ ငါ​သည် နှုတ်ဆိတ်​နေ​လျက် ကိုယ့်ကိုယ်ကိုယ်​ချုပ်တည်း​ခဲ့​ပြီ​။ ယခုမှာ သားဖွား​သော​မိန်းမ​ကဲ့သို့ အသက်ပြင်းပြင်းရှူ​လျက်​၊ မောပန်း​လျက် အော်ဟစ်​နေ​မည်​။ ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။ ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။ ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​၊ နားထောင်​ကြ​လော့​။ မျက်မမြင်​သူ​တို့​၊ မြင်​အောင် ကြည့်​ကြ​လော့​။ ငါ့​အစေအပါး​မှတစ်ပါး မည်သူ​မျက်စိကန်း​သနည်း​။ ငါ​စေလွှတ်​သော​ငါ့​စေတမန်​ကဲ့သို့ မည်သူ​နားပင်း​သနည်း​။ ငါ့​မိတ်ဆွေ​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ ထာဝရဘုရား​၏​အစေအပါး​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ သင်​သည် အမှုအရာ​များစွာ​ကို မြင်တွေ့​သော်လည်း အလေး​မ​ထား​။ နား​ပွင့်​နေ​သော်လည်း မ​ကြား​။ ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။ ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။ သင်​တို့​တွင် မည်သူ​သည် ဤ​အကြောင်းအရာ​ကို စူးစိုက်​နားထောင်​မည်နည်း​။ နောင်ကာလ​တွင် မည်သူ​သည် အာရုံစိုက်​နားထောင်​၍ ကြား​လိမ့်​မည်နည်း​။ ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။ ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။