YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 42:1-25

ဟေရှာယအနာဂတ္တိကျမ်း 42:1-25 MSBU

ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။ သူ​သည် အော်ဟစ်​မည်​မ​ဟုတ်​။ ကြွေးကြော်​မည်​မ​ဟုတ်​။ လမ်း​ပေါ်မှာ သူ့​အသံ​ကို ကြား​ရ​မည်​မ​ဟုတ်​။ ကျိုးခါနီး​ကျူပင်​ကို မ​ချိုး​။ ငြိမ်းခါနီး​မီးစာ​ကို မ​ငြှိမ်းသတ်​။ တရားမျှတ​ခြင်း​အကြောင်း​ကို သစ္စာရှိ​စွာ ထုတ်ဖော်​မည်​။ သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။ မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။ သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။ ကြည့်ရှု​လော့​။ ယခင်​ဟော​ခဲ့​သော​အရာ​တို့​သည် ဖြစ်လာ​ပြီ​။ အသစ်​သော​အရာ​တို့​ကို ငါ​ဟောပြော​၏​။ ထို​အရာ​တို့ ဖြစ်​မ​လာ​မီ သင်​တို့​ကို ငါ​သိ​စေ​၏​။ ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။ တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။ သူ​တို့​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ကမ်းရိုးတန်းဒေသ​တို့​၌ ပြောကြား​ကြ​ပါစေ​။ ထာဝရဘုရား​သည် သူရဲကောင်း​ကဲ့သို့​ကြွ​တော်မူ​မည်​။ စိတ်အားထက်သန်မှု​ကို စစ်သူရဲ​ကဲ့သို့ လှုံ့ဆော်​တော်မူ​မည်​။ ကိုယ်တော်​သည် ကြွေးကြော်​တော်မူ​မည်​။ ဟစ်အော်​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​ကို အောင်​နိုင်​တော်မူ​မည်​။ ငါ​သည် အချိန်​ကြာကြာ တိတ်ဆိတ်​စွာ​နေ​ခဲ့​ပြီ​။ ငါ​သည် နှုတ်ဆိတ်​နေ​လျက် ကိုယ့်ကိုယ်ကိုယ်​ချုပ်တည်း​ခဲ့​ပြီ​။ ယခုမှာ သားဖွား​သော​မိန်းမ​ကဲ့သို့ အသက်ပြင်းပြင်းရှူ​လျက်​၊ မောပန်း​လျက် အော်ဟစ်​နေ​မည်​။ ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။ ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။ ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​၊ နားထောင်​ကြ​လော့​။ မျက်မမြင်​သူ​တို့​၊ မြင်​အောင် ကြည့်​ကြ​လော့​။ ငါ့​အစေအပါး​မှတစ်ပါး မည်သူ​မျက်စိကန်း​သနည်း​။ ငါ​စေလွှတ်​သော​ငါ့​စေတမန်​ကဲ့သို့ မည်သူ​နားပင်း​သနည်း​။ ငါ့​မိတ်ဆွေ​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ ထာဝရဘုရား​၏​အစေအပါး​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ သင်​သည် အမှုအရာ​များစွာ​ကို မြင်တွေ့​သော်လည်း အလေး​မ​ထား​။ နား​ပွင့်​နေ​သော်လည်း မ​ကြား​။ ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။ ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။ သင်​တို့​တွင် မည်သူ​သည် ဤ​အကြောင်းအရာ​ကို စူးစိုက်​နားထောင်​မည်နည်း​။ နောင်ကာလ​တွင် မည်သူ​သည် အာရုံစိုက်​နားထောင်​၍ ကြား​လိမ့်​မည်နည်း​။ ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။ ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။