ဟေရှာယ 28:1-19
ဟေရှာယ 28:1-19 Judson Bible (JBMLE)
စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်း ကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့လည်းကောင်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည်၊ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည်၊ နွေကာလမစေ့မီ အလျင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင် စားတတ်၏။ ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။ တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား၊ ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။ သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။ သူတို့စားပွဲ ရှိသမျှတို့သည်၊ လွတ်လပ်ရာ မရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။ သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။ အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။ သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သား အကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိတ်သဟာယ ဖွဲ့ကြပြီ။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသားကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊ အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာမုသားကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိတ်သဟာယပျက်လိမ့်မည်။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညမပြတ် ချင်းနင်းသည်ဖြစ်၍၊ သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။
ဟေရှာယ 28:1-19 Common Language Bible (BCL)
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။- ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။- ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။- မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်အသက် မသေဘဲ ကျန်ရှိခဲ့သည့်မိမိ၏လူမျိုးတော် အတွက် ဘုန်းအသရေတောက်ပသောဦးရစ် သရဖူသဖွယ် ဖြစ်တော်မူမည့်နေ့ရက်ကာလ ကျရောက်လာလိမ့်မည်။- ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။- သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။ သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။- သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။ အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။- ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။- သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။ ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။- သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။- ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။- ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။ သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။- သူတို့သည်သင်တို့အားနံနက်တိုင်းထပ်ကာ ထပ်ကာတိုက်ခိုက်ကြလိမ့်မည်။ သင်တို့သည် နေ့ရောညဥ့်ပါဒုက္ခရောက်ကြလိမ့်မည်။ ဘုရားသခင်၏ဗျာဒိတ်တော်ရောက်ရှိလာသည့် အခါတိုင်း ထိတ်လန့်၍နေကြလိမ့်မည်။
ဟေရှာယ 28:1-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။ ကြည့်ရှုလော့။ ဘုရားရှင်၌ တန်ခိုးခွန်အားကြီးသောသူရှိ၏။ ထိုသူသည် မိုးသီးမုန်တိုင်း၊ ဖျက်ဆီးတတ်သော လေပြင်းမုန်တိုင်း၊ ရေလွှမ်းမိုးစေသည့် ပြင်းထန်သောမိုးသက်မုန်တိုင်းကဲ့သို့ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူကို မိမိလက်ဖြင့် မြေကြီးပေါ်သို့ပစ်ချမည်။ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် ခြေအောက်၌ နင်းချေခြင်းခံရလိမ့်မည်။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် နွေရာသီမတိုင်မီ အဦးဆုံးမှည့်သောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် ခူး၍ ချက်ချင်းစားပစ်တတ်၏။ ထိုနေ့ရက်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကြွင်းကျန်သောလူမျိုးတော်တို့အတွက် ဘုန်းကြီးသောသရဖူ၊ ဂုဏ်ကျက်သရေရှိသောဦးရစ် ဖြစ်တော်မူမည်။ တရားပလ္လင်ပေါ်ထိုင်သောသူအတွက် တရားမျှတခြင်းဝိညာဉ်၊ မြို့တံခါး၌ ရန်သူကိုတွန်းလှန်သောသူတို့အတွက် ရဲစွမ်းသတ္တိ ဖြစ်တော်မူမည်။ ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။ စားပွဲရှိသမျှသည် အန်ဖတ်နှင့်ပြည့်နေ၏။ နေရာလပ်မကျန် ညစ်ပေနေ၏။ သူတို့က “ကိုယ်တော်သည် မည်သူအား အသိပညာကိုသင်ကြားပေးမည်နည်း။ မည်သူအား သတင်းစကားကို သိနားလည်စေမည်နည်း။ နို့ပြတ်သောကလေးငယ်တို့ကိုလော။ နို့ဖြတ်ထားသောကလေးငယ်တို့ကိုလော။ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်ပါသည်တကား”ဟု ဆိုကြ၏။ အကယ်စင်စစ် ကိုယ်တော်သည် ထစ်ငေါ့သောနှုတ်နှင့် အခြားသောလျှာဖြင့် ဤလူမျိုးအား မိန့်မြွက်တော်မူမည်။ “ဤအရပ်သည် နားနေရာအရပ်ဖြစ်၏။ မောပန်းသောသူတို့သည် အနားယူကြစေ။ ဤအရပ်သည် ငြိမ်းချမ်းရာအရပ်ဖြစ်၏”ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်လိုကြ။ ထို့ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်။ ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။ ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။ ငါသည် တရားမျှတမှုကို မျဉ်းကြိုးဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို မှန်ထုပ်ဖြစ်စေမည်။ မိုးသီးသည် လိမ်လည်မှုတို့ခိုလှုံရာအရပ်ကို ဖယ်ရှားမည်။ ရေသည် ပုန်းခိုရာအရပ်ကိုလွှမ်းမိုးမည်။ သင်တို့၏သေခြင်းနှင့်ဖွဲ့သောပဋိညာဉ်သည် ပျက်လိမ့်မည်။ သင်တို့၏မရဏာနိုင်ငံနှင့်ပြုသောသဘောတူညီမှုသည် တည်လိမ့်မည်မဟုတ်။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ သင်တို့ကို နင်းချေသွားလိမ့်မည်။ ဖြတ်သွားသည့်အခါတိုင်း သင်တို့ကိုယူဆောင်သွားမည်။ နံနက်တိုင်း၊ နေ့တိုင်း၊ ညတိုင်းဖြတ်သွားမည်။ သတင်းကြားရုံဖြင့် ထိတ်လန့်ခြင်းကို ဖြစ်စေမည်”ဟု မိန့်တော်မူ၏။