စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်း ကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့လည်းကောင်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည်၊ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည်၊ နွေကာလမစေ့မီ အလျင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင် စားတတ်၏။ ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။ တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား၊ ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။ သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။ သူတို့စားပွဲ ရှိသမျှတို့သည်၊ လွတ်လပ်ရာ မရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။ သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။ အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။ သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သား အကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိတ်သဟာယ ဖွဲ့ကြပြီ။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသားကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊ အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာမုသားကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိတ်သဟာယပျက်လိမ့်မည်။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညမပြတ် ချင်းနင်းသည်ဖြစ်၍၊ သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။
ဟေရှာယ 28 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 28:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ