YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 26:1-11

ဟေရှာယ 26:1-11 Judson Bible (JBMLE)

ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။ တံ​ခါး​တို့​ကို ဖွင့်​ကြ​လော့။ သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၌ အ​စဉ်​အ​မြဲ ခို​လှုံ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် နိ​စ္စ​ထာ​ဝ​ရ​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ မြင့်​မြတ်​သော​မြို့​ကို ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​ချ​လျက် မြေ​မှုန့်​ထဲ​မှာ ထား​တော်​မူ၏။ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် ဖြောင့်​သော​လမ်း၌ သွား​တတ်၏။ အို ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ၏ လမ်း​ခ​ရီး​ကို ပြင်​ဆင်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တ​ရား​တော်​လမ်း၌​သွား​လျက်၊ ကိုယ်​တော်​ကို​မျှော်​လင့်၍၊ ကိုယ်​တော်၏​အ​မည်၊ ဘွဲ့​နာ​မ​တော်​ကို စိတ်​နှ​လုံး၌ တ​သ​လျက်​ရှိ​ပါ၏။ ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။ မ​တ​ရား​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သော်​လည်း၊ တ​ရား​ကို မ​သင်​တတ်​ပါ။ တ​ရား​ကျင့်​ရာ​ပြည်၌​ပင် အ​ဓ​မ္မ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို ပ​မာ​ဏ​မ​ပြု​တတ်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

ဟေရှာယ 26:1-11 Common Language Bible (BCL)

ယု​ဒ​ပြည်​တွင်​အောက်​ပါ​သီ​ချင်း​ကို​လူ​တို့ သီ​ဆို​ကြ​သည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​က ``ငါ​တို့​၏​မြို့​တို့​သည်​ခိုင်​ခန့်​ပေ​သည်။ ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သော​မြို့​ရိုး​များ​ကို ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ကာ​ကွယ်​တော်​မူ ပါ​၏။ မြို့​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ပြီး​လျှင်​ဖြောင့်​မှန် ရာ​ကို ပြု​ကျင့်​သည့်​လူ​မျိုး၊ သစ္စာ​ရှိ​သည့်​လူ​မျိုး​အား​ဝင်​ခွင့်​ပြု​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊ သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊ မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။ ဖိ​နှိပ်​ချုပ်​ချယ်​မှု​ခံ​ခဲ့​ရ​ကြ​သူ တို့​သည်​လည်း ယ​ခု​အ​ခါ၊ထို​မြို့​ကို​ခြေ​နှင့်​နင်း​၍ ကျော်​လွှား​သွား​လာ​လျက်​ရှိ​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။ သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။ ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​သူ​ယုတ်​မာ​တို့​အား သ​နား​ညှာ​တာ​တော်​မူ​သော်​လည်း၊ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် နား​မ​လည်​ကြ​ပါ။ သူ​တော်​ကောင်း​တို့​နေ​ထိုင်​ရာ​ဤ​ပြည်​၌​ပင် လျှင် သူ​တို့​သည်​မ​တ​ရား​သော​အ​မှု​တို့​ကို​ပြု​လျက် ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အာနု​ဘော်​တော်​ကို​လည်း အ​သိ​အ​မှတ်​မ​ပြု​ကြ​ပါ။ ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။

ဟေရှာယ 26:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​၌ ယုဒ​ပြည်​တွင် ဤ​သီချင်း​ကို သီဆို​လိမ့်မည်​။ “​ငါ​တို့​၌ ခိုင်ခံ့​သော​မြို့​ရှိ​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ကို မြို့ရိုး​သဖွယ်​၊ တံတိုင်း​သဖွယ် တည်​တော်မူ​မည်​။ မြို့​တံခါး​တို့​ကို ဖွင့်​ကြ​လော့​။ သစ္စာ​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​လူမျိုး​ဝင်လာ​မည်​။ စိတ်နှလုံး​တည်ကြည်​သော​သူ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​သောကြောင့် ကိုယ်တော်​သည် သူ့​ကို​စောင့်ရှောက်​၍ ငြိမ်သက်​ခြင်း​အတိ ရှိ​စေ​တော်မူ​မည်​။ ထာဝရဘုရား​ကို အစဉ်​ယုံကြည်ကိုးစား​ကြ​လော့​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​သော​ကျောက်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မြင့်ရာအရပ်​၌​နေ​သော​သူ​တို့​ကို နှိမ့်ချ​တော်မူ​၏​။ မြင့်မား​သော​မြို့​ကို နိမ့်ကျ​စေ​တော်မူ​၏​။ ထို​မြို့​ကို မြေကြီး​တိုင်အောင်​နိမ့်ကျ​စေ​တော်မူ​၏​။ မြေမှုန့်​တိုင်အောင်​ရောက်​စေ​တော်မူ​၏​။ ခြေ​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ခြေ​၊ ဆင်းရဲ​သော​သူ​တို့​၏​ခြေ​တို့​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​”​ဟု သီဆို​ကြ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​သွားရာလမ်းခရီး​သည် ညီညာ​၏​။ အို ဖြောင့်မတ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​သွား​ရာ​လမ်း​ကို ဖြောင့်ဖြူး​စေ​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တရား​လမ်း​၌ ကိုယ်တော်​ကို အကျွန်ုပ်​တို့​စောင့်မျှော်​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှတ်ရစရာ​ကို ကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ် တောင့်တ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ညအချိန်​၌ ကိုယ်တော်​ကို တောင့်တ​ပါ​၏​။ အကျွန်ုပ်​အထဲ​ရှိ ဝိညာဉ်​သည်​လည်း ကိုယ်တော့်​ကို ကြိုးစားရှာ​ပါ​၏​။ ကမ္ဘာမြေကြီး​ကို ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ လောကသား​တို့​သည် ဖြောင့်မတ်​ခြင်း​တရား​ကို သင်ယူ​ကြ​ပါ​၏​။ ဆိုးယုတ်​သော​သူ​သည် သနား​ခြင်း​ကို​ခံရ​သော်လည်း ဖြောင့်မတ်​ခြင်း​တရား​ကို မ​သင်ယူ​။ သူ​သည် တရား​သော​ပြည်​၌ မတရား​သဖြင့်​ပြု​လျက် ထာဝရဘုရား​၏​ဘုန်းတန်ခိုး​တော်​ကို မ​မြင်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။