YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 26

26
ယုဒပြည်အတွက်သီချင်း
1ထို​နေ့ရက်​၌ ယုဒ​ပြည်​တွင် ဤ​သီချင်း​ကို သီဆို​လိမ့်မည်​။ “​ငါ​တို့​၌ ခိုင်ခံ့​သော​မြို့​ရှိ​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ကို မြို့ရိုး​သဖွယ်​၊ တံတိုင်း​သဖွယ် တည်​တော်မူ​မည်​။ 2မြို့​တံခါး​တို့​ကို ဖွင့်​ကြ​လော့​။ သစ္စာ​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​လူမျိုး​ဝင်လာ​မည်​။ 3စိတ်နှလုံး​တည်ကြည်​သော​သူ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​သောကြောင့် ကိုယ်တော်​သည် သူ့​ကို​စောင့်ရှောက်​၍ ငြိမ်သက်​ခြင်း​အတိ ရှိ​စေ​တော်မူ​မည်​။ 4ထာဝရဘုရား​ကို အစဉ်​ယုံကြည်ကိုးစား​ကြ​လော့​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​သော​ကျောက်​ဖြစ်​တော်မူ​၏​။ 5ကိုယ်တော်​သည် မြင့်ရာအရပ်​၌​နေ​သော​သူ​တို့​ကို နှိမ့်ချ​တော်မူ​၏​။ မြင့်မား​သော​မြို့​ကို နိမ့်ကျ​စေ​တော်မူ​၏​။ ထို​မြို့​ကို မြေကြီး​တိုင်အောင်​နိမ့်ကျ​စေ​တော်မူ​၏​။ မြေမှုန့်​တိုင်အောင်​ရောက်​စေ​တော်မူ​၏​။ 6ခြေ​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ခြေ​၊ ဆင်းရဲ​သော​သူ​တို့​၏​ခြေ​တို့​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​”​ဟု သီဆို​ကြ​လိမ့်မည်​။
လူမျိုးတော်အတွက်စိတ်အားထက်သန်တော်မူခြင်း
7ဖြောင့်မတ်​သော​သူ​သွားရာလမ်းခရီး​သည် ညီညာ​၏​။ အို ဖြောင့်မတ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​သွား​ရာ​လမ်း​ကို ဖြောင့်ဖြူး​စေ​တော်မူ​၏​။ 8အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တရား​လမ်း​၌ ကိုယ်တော်​ကို အကျွန်ုပ်​တို့​စောင့်မျှော်​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှတ်ရစရာ​ကို ကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ် တောင့်တ​ပါ​၏​။ 9အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ညအချိန်​၌ ကိုယ်တော်​ကို တောင့်တ​ပါ​၏​။ အကျွန်ုပ်​အထဲ​ရှိ ဝိညာဉ်​သည်​လည်း ကိုယ်တော့်​ကို ကြိုးစားရှာ​ပါ​၏​။ ကမ္ဘာမြေကြီး​ကို ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ လောကသား​တို့​သည် ဖြောင့်မတ်​ခြင်း​တရား​ကို သင်ယူ​ကြ​ပါ​၏​။ 10ဆိုးယုတ်​သော​သူ​သည် သနား​ခြင်း​ကို​ခံရ​သော်လည်း ဖြောင့်မတ်​ခြင်း​တရား​ကို မ​သင်ယူ​။ သူ​သည် တရား​သော​ပြည်​၌ မတရား​သဖြင့်​ပြု​လျက် ထာဝရဘုရား​၏​ဘုန်းတန်ခိုး​တော်​ကို မ​မြင်​။ 11အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။ 12အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား ငြိမ်သက်​ခြင်း​ကို ပေး​တော်မူ​ပါ​ပြီ​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​အမှု​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ပါ​ပြီ​။ 13အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော့်​အပြင် အခြား​သော​သခင်​တို့​သည် အကျွန်ုပ်​တို့​ကို အုပ်စိုး​ကြ​ပြီ​။ သို့သော် ကိုယ်တော်​၏​နာမ​တော်​ကို​သာ အကျွန်ုပ်​တို့​အောက်မေ့​ကြ​ပါ​၏​။ 14သေ​သော​သူ​တို့​သည် ပြန်​မ​ရှင်​။ သေသောသူ​တို့​၏​ဝိညာဉ်​သည် မ​ထမြောက်​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​အပြစ်ဒဏ်​ပေး​၍ ဖျက်ဆီး​တော်မူ​၏​။ သူ​တို့​နှင့်ဆိုင်သည့်​အမှတ်တရ​အားလုံး​ကို ဖယ်ရှား​တော်မူ​၏​။ 15ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​ခြင်း​ဖြင့် ဘုန်း​တော်​ကို​ထင်ရှား​စေ​တော်မူ​ပြီ​။ ပြည်​တော်​၏​နယ်နိမိတ်​အားလုံး​ကို ပို၍​ကျယ်ဝန်း​စေ​တော်မူ​ပြီ​။ 16အို ထာဝရဘုရား​၊ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ကိုယ်တော့်​ကို​ရှာ​ကြ​ပါ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမပဲ့ပြင်​တော်မူ​သောအခါ သူ​တို့​သည် ဆုတောင်း​ပတ္ထနာပြု​ကြ​ပါ​၏​။ 17ကိုယ်ဝန်ဆောင်​မိန်းမ​သည် သားဖွား​လုဆဲဆဲ​၌ မိမိ​၏​နာကျင်​ခြင်း​ဝေဒနာ​ကြောင့် လူးလွန့်​လျက် အော်ဟစ်​ငိုကြွေး​သကဲ့သို့ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ထိုနည်းတူ​ဖြစ်​ကြ​ပါ​၏​။ 18အကျွန်ုပ်​တို့​သည် ကိုယ်ဝန်ဆောင်​သော်လည်း​၊ လူးလွန့်​ရ​သော်လည်း လေ​ကို​ဖွားမြင်​ကြ​၏​။ အကျွန်ုပ်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်သို့ ကယ်တင်​ခြင်း​ကို မ​ယူဆောင်​လာ​နိုင်​ပါ​။ လောကသား​တို့​ကို​လည်း မ​လဲကျ​စေ​နိုင်​ပါ​။ 19ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။ 20ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။ 21အကြောင်းမူကား ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မြေကြီးသား​တို့​ကို အပြစ်​ဒဏ်ပေး​ရန် ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​၏​။ ထိုအခါ မြေကြီး​သည် မိမိ​၌ အသတ်​ခံရ​သော​သူ​တို့​ကို ထုတ်ပြ​မည်​။ သတ်​သော​သူ​တို့​ကို​လည်း ဝှက်ထား​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ