YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 25

25
ကယ်တင်ခြင်းနေ့ရက်၊ တရားစီရင်ခြင်းနေ့ရက်
1အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ကို ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ရှေး​အကြံအစည်​တော်​တို့​ကို မြဲမြံ​သော​သစ္စာ​နှင့်​ပြု​တော်မူ​ပြီ​။ 2အကယ်စင်စစ် ကိုယ်တော်​သည် မြို့​ကို​ကျောက်ပုံ​ဖြစ်စေ​၍ ခိုင်ခံ့​သော​မြို့​ကို ပြိုပျက်​ရာ​ဖြစ်စေ​၏​။ တစ်ပါးအမျိုးသား​တို့​၏​နန်းတော်​တည်​ရာ​မြို့​သည် မြို့​အဖြစ်​ရှိ​တော့​မည်​မ​ဟုတ်​။ မည်သည့်​အခါ​မျှ ပြန်လည်​တည်ဆောက်​တော့​မည်​မ​ဟုတ်​။ 3ထို့ကြောင့် အားကြီး​သော​လူမျိုး​သည် ကိုယ်တော်​ကို ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။ ကြမ်းကြုတ်​သော​လူမျိုး​တို့​နေ​သော​မြို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​လိမ့်မည်​။ 4အကြောင်းမူကား ကိုယ်တော်​သည် ဆင်းရဲသား​တို့​မှီခို​ရာ​၊ ဒုက္ခ​ရောက်​နေ​သော​နွမ်းပါး​သူ​တို့​မှီခို​ရာ​၊ မုန်တိုင်း​ထဲမှ ခိုလှုံ​ရာ​၊ အပူရှိန်​မှ​ကာကွယ်​ပေး​သော အရိပ်အာဝါသ ဖြစ်​တော်မူ​၏​။ ကြမ်းကြုတ်​သော​သူ​တို့​၏​ဒေါသ​သည် နံရံ​ကို​တိုက်ဖြို​သော​မုန်တိုင်း​ကဲ့သို့​ဖြစ်​၏​။ 5ခြောက်သွေ့​သော​အရပ်​မှ အပူရှိန်​ကဲ့သို့ ဖြစ်​၏​။ ကိုယ်တော်​သည် တစ်ပါးအမျိုးသား​တို့​၏​ဆူညံသံ​ကို တိတ်ဆိတ်​စေ​တော်မူ​၏​။ တိမ်တိုက်​၏​အရိပ်​အားဖြင့် အပူရှိန်​လျော့ကျ​သွား​သကဲ့သို့ ကြမ်းကြုတ်​သော​သူ​တို့​၏​သီချင်းသံ​သည် တိတ်ဆိတ်​သွား​၏​။ 6ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လူ​အပေါင်း​တို့​အတွက် အကောင်းဆုံး​အစားအစာ​နှင့် နှစ်ချို့စပျစ်ဝိုင်​စားသောက်ပွဲ​ကို ဤ​တောင်​ပေါ်၌ ပြင်ဆင်​တော်မူ​မည်​။ ထို​စားသောက်ပွဲ​တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အကောင်းဆုံး​အစားအစာ​များ​၊ သန့်စင်​ထား​သော​နှစ်ချို့စပျစ်ဝိုင်​များ​ဖြင့် တည်ခင်း​တော်မူ​မည်​။ 7ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။ 8သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။#ဗျာ 7:17၊ 21:4။ 9ထို​နေ့ရက်​၌ လူ​တို့​က “​ကြည့်ရှု​လော့​။ ဤ​အရှင်​ကား ငါ​တို့​၏​ဘုရားသခင်​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​၍ ကိုယ်တော်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၏​။ ဤ​အရှင်​ကား ငါ​တို့​စောင့်မျှော်​သော ထာဝရဘုရား​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် ရွှင်လန်း​ဝမ်းမြောက်​ကြ​ကုန်​စို့​”​ဟု ဆို​ကြ​လိမ့်မည်​။ 10ထာဝရဘုရား​သည် လက်​တော်​ကို ဤ​တောင်​ပေါ်တွင်​တင်ထား​တော်မူ​မည်​။ နွားချေးပုံ​၌ ကောက်ရိုး​ကို​နင်းနယ်​သကဲ့သို့ မောဘ​ပြည်​ကို နင်းနယ်​တော်မူ​မည်​။ 11ရေကူး​သော​သူ​သည် ရေကူး​ရန်​လက်​ကို​ဆန့်​သကဲ့သို့ မောဘ​ပြည်​သည် ပြည်​အလယ်​၌ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။ သို့သော် ကိုယ်တော်​သည် ထို​ပြည်​၏​မာန်မာန​၊ ထို​ပြည်​၏​လက်စွမ်း​ကို ချိုးနှိမ်​တော်မူ​မည်​။ 12ထို​ပြည်​၏​မြင့်မား​သော​ခံတပ်​မြို့ရိုး​ကို နှိမ့်ချ​ဖြိုလှဲ​တော်မူ​မည်​။ မြေ​တိုင်အောင်​၊ မြေမှုန့်​တိုင်အောင် ရောက်​စေ​တော်မူ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 25: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ