ဟေဗြဲ 13:1-18
ဟေဗြဲ 13:1-18 Judson Bible (JBMLE)
ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။- အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။- အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။- ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။- သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ကတိတော်ရှိ၏။- ထိုကြောင့် ထာဝရဘုရားသည် ငါ့ကို မစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။- ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။- အထူးထူးအပြားပြားသော အယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီ မဟုတ်။- တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။- အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။- ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှာ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။- သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။- အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့ မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏။- ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။- ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။ သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။- ငါတို့အဖို့ ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။
ဟေဗြဲ 13:1-18 Common Language Bible (BCL)
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။- ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။- သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။ ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။ သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။- ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။ သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။- ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။- သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။ ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။- ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။- ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။- သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ရှိရာစခန်း အပြင်သို့သွား၍ ကိုယ်တော်နှင့်အတူကဲ့ရဲ့ ရှုတ်ချခြင်းကိုခံကြကုန်အံ့။- အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။- သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။- သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။ သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။ ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။
ဟေဗြဲ 13:1-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ဆက်၍တည်ကြလော့။ ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။ အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။ မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။ ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။ ယေရှုခရစ်တော်သည် မနေ့၊ ယနေ့နှင့် နောင်ကာလအစဉ်အဆက် ပြောင်းလဲခြင်းမရှိ။ ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။ ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။ အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်တို့၏သွေးကို အပြစ်ဖြေရာယဇ်အဖြစ် သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားသော်လည်း ယဇ်ကောင်တို့၏ကိုယ်မူကား စခန်းအပြင်၌မီးရှို့ရ၏။ ထို့ကြောင့် ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့ကိုသန့်ရှင်းစေရန် မြို့တံခါးအပြင်၌ ဒုက္ခဝေဒနာခံစားတော်မူ၏။ သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။ အကြောင်းမူကား ဤလောက၌ ငါတို့အတွက်တည်မြဲသောမြို့မရှိ။ နောက်လာမည့်မြို့တော်ကိုသာ ငါတို့ကြိုးစားရှာဖွေနေကြ၏။ ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။ ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။ သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။ ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား ငါတို့၌ ကြည်လင်သောအသိစိတ်ရှိကြသည်ဟု ငါတို့ယုံကြည်စိတ်ချလျက် အရာရာ၌ လျောက်ပတ်စွာအသက်ရှင်နေထိုင်ရန်အလိုရှိကြ၏။