YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 13

13
နောက်ဆုံးတိုက်တွန်းနှိုးဆော်ချက်များ
1ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်၍​တည်​ကြ​လော့။ 2ဧည့်ဝတ်​ပြု​ခြင်း​ကို မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား အချို့​တို့​သည် ထို​ဝတ်​ကို​ပြု​ခြင်း​အားဖြင့် ကောင်းကင်​တမန်​များ​ကို အမှတ်မထင်​ဧည့်ခံ​ခဲ့​ကြ​၏။ 3အကျဉ်းသား​များ​ကို သူ​တို့​နှင့်အတူ​အချုပ်အနှောင်​ခံ​နေ​ရ​သကဲ့သို့ သတိရ​ကြ​လော့။ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​ခံရ​သော​သူ​တို့​ကို သင်တို့​လည်း မိမိ​ကိုယ်ခန္ဓာ​၌ ထိုနည်းတူ​ခံရ​သကဲ့သို့ သတိရ​ကြ​လော့။
4မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ 5အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”#တရား 31:6,8၊ ယောရှု 1:5။​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။ 6ထို့ကြောင့် “ထာဝရ​ဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သော​အရှင်​ဖြစ်၍ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း”#ရော 8:31၊ ဆာ 56:4,11၊ 118:6။​ဟု ငါ​တို့​သည် ယုံကြည်​စိတ်ချ​စွာ​ပြောဆို​ရ​ကြ​၏။
7ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။ 8ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့​နှင့် နောင်​ကာလ​အစဉ်အဆက် ပြောင်းလဲ​ခြင်း​မ​ရှိ။
9ထူးခြား​သော​သွန်သင်​ချက်​အမျိုးမျိုး​နောက်​သို့ လိုက်ပါ​မ​သွား​ကြ​နှင့်။ အကြောင်းမူကား စားစရာ​အားဖြင့်​မ​ဟုတ်​ဘဲ ကျေးဇူး​တော်​အားဖြင့် စိတ်နှလုံး​ကို​တည်မြဲ​စေ​ခြင်း​သည် ကောင်းမြတ်​ပေ​၏။ စားစရာ​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​သည် အကျိုး​ကို​မ​ရရှိ​ကြ​ပေ။ 10ငါ​တို့​တွင် ယဇ်ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်မှ​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ။ 11အကြောင်းမူကား ယဇ်ပုရောဟိတ်​မင်း​သည် ယဇ်ကောင်​တို့​၏​သွေး​ကို အပြစ်​ဖြေ​ရာ​ယဇ်​အဖြစ် သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယူဆောင်​သွား​သော်လည်း ယဇ်ကောင်​တို့​၏​ကိုယ်​မူကား စခန်း​အပြင်​၌​မီးရှို့​ရ​၏။ 12ထို့ကြောင့် ယေရှု​သည်​လည်း မိမိ​၏​သွေး​တော်​အားဖြင့် လူ​တို့​ကို​သန့်ရှင်း​စေ​ရန် မြို့​တံခါး​အပြင်​၌ ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ 13သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​ခံ​ခဲ့​သော​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ဆောင်ယူ​ပြီး စခန်း​အပြင်​သို့​ထွက်​၍ ကိုယ်တော်​ထံသို့ သွား​ကြ​ကုန်စို့။ 14အကြောင်းမူကား ဤ​လောက​၌ ငါ​တို့​အတွက်​တည်မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုးစား​ရှာဖွေ​နေ​ကြ​၏။
15ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။ 16ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။
17သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။
18ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။ 19ငါ​သည် သင်​တို့​ထံသို့ လျင်မြန်​စွာ ပြန်ရောက်​နိုင်​မည့်​အကြောင်း ဆုတောင်း​ပေး​ရန် အထူး​မေတ္တာရပ်ခံ​ပါ​၏။
ကောင်းချီးပေးခြင်းနှင့်နှုတ်ဆက်ခြင်း
20ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည် 21ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။
22ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ အကျဉ်းချုံး​ရေးသား​လိုက်​ခြင်း​သာ​ဖြစ်၍ ဤ​တိုက်တွန်း​အားပေး​စကား​ကို​လက်ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။
23ငါ​တို့​ညီ​တိမောသေ​သည် လွတ်​လာ​ပြီ​ဖြစ်​ကြောင်း သင်​တို့​အား​သိ​စေ​လို​ပါ​၏။ သူ​သည် အမြန်​ရောက်လာ​လျှင် ငါ​သည် သူ​နှင့်အတူ သင်​တို့​ကို​လာ​တွေ့​မည်။
24သင်​တို့​၏​ခေါင်းဆောင်​အားလုံး​နှင့် သန့်ရှင်း​သူ​အားလုံး​ကို နှုတ်ဆက်​ပါ​၏။ အီတလီ​ပြည်​မှ​လာ​သော​သူ​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ 25ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။