YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 41:1-45

ကမ္ဘာဦး 41:1-45 Judson Bible (JBMLE)

ထို​နောက်​နှစ်​နှစ်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် အိပ်​မက်​ကို​မြင်​မက်​သည်​ကား၊ မိ​မိ​သည် မြစ်​နား၌​ရပ်​နေ၏။ အ​ဆင်း​လှ၍​ဝ​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ မြစ်​နား​မှာ​ပေါက်​သော​မြက်​ပင်​ကို စား​လျက်​နေ​ကြ၏။ ထို​နွား​တို့​နောက်​မှ အ​ဆင်း​မ​လှ၊ ပိန်​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ အ​ရင်​နွား​တို့​အ​နား၌ ကမ်း​ပေါ်​မှာ​ရပ်​နေ​ကြ၏။ အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ အ​ဆင်း​လှ၍ ဝ​သော​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး​လေ၏။ တစ်​ဖန်​အိပ်​ပြန်​၍ အိပ်​မက်​ကို​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ​၏။ ထို​နောက်​မှ အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။ အ​လုံး​သေး​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည် အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​ကို​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး၍ အိပ်​မက်​ဖြစ်​သည်​ကို သိ​လေ၏။ နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် စိတ်​ပူ​ပန်၍၊ အဲ​ဂု​တ္တု​ဗေ​ဒင်​တတ် ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​ခေါ်၍ အိပ်​မက်​တော်​ကို ပြန်​ကြား​တော်​မူ၏။ သို့​သော်​လည်း​ရှေ့​တော်၌ အ​နက်​ကို​ဖတ်​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ထို​အ​ခါ​ဖ​လား​တော်​ဝန်​က၊ ကျွန်​တော်​သည်​ကိုယ်​အ​ပြစ်​ကို ယ​နေ့​အောက်​မေ့​ပါ​၏။ ဖာ​ရော​ဘု​ရင်​သည် ကျွန်​တော်​နှင့် စား​တော်​ဝန်​ကို​အ​မျက်​ထွက်၍ ကိုယ်​ရံ​တော်​မှူး​အိမ်၌ ချုပ်​ထား​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​တို့​နှစ်​ယောက်​သည် အ​သီး​အ​သီး မိ​မိ​တို့​ကိုယ်​စီ​ဆိုင်​သော အ​နက်​နှင့်​ပြည့်​စုံ​သော​အိပ်​မက်​ကို တစ်​ည​ချင်း​တွင် မြင်​မက်​ကြ​ပါ​၏။ ကျွန်​တော်​တို့၌​ကိုယ်​ရံ​တော်​မှူး​၏​ကျွန် ဟေ​ဗြဲ​လု​လင်​တစ်​ယောက်​ရှိ၏။ ထို​သူ​အား​ကျွန်​တော်​တို့​သည် ကြား​ပြော၍ သူ​သည်​အိပ်​မက်၏​အ​နက်​ကို ဖတ်​ပါ၏။ တစ်​ယောက်​စီ​မြင်​မက်​သည်​အ​တိုင်း ဖတ်​ပါ​၏။ ဖတ်​သည်​အ​တိုင်း​လည်း​မှန်​ပါ၏။ ကျွန်​တော်​သည် အ​ရင်​အ​ရာ​ကို​ရ​ပြန်၍၊ စား​တော်​ဝန်​မူ​ကား၊ ဆွဲ​ထား​ခြင်း​ကို​ခံ​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ​ဖာ​ရော​မင်း​သည်​လူ​ကို​စေ​လွှတ်​၍ ယော​သပ်​ကို ခေါ်​တော်​မူ၏။ ယော​သပ်​သည် ထောင်​ထဲ​က​အ​လျင်​အ​မြန်​ထွက်​ရ၍၊ မုတ်​ဆိတ်​ညှပ်​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို​ပြု​ပြီး​မှ အ​ထံ​တော်​သို့​ဝင်​ရ​၏။ ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​အိပ်​မက်​ကို​မြင်​မက်​ပြီ။ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်။ သင်​သည် အိပ်​မက်​ကို နား​လည်​သော​ဉာဏ်​နှင့် အ​နက်​ဖတ်​နိုင်​သည်​ကို ငါ​ကြား​ရ​ပြီ​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ ကျွန်​တော်​သည် အ​လို​အ​လျောက်​မ​တတ်​နိုင်​ပါ။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​အ​ဖြေ​စ​ကား​ကို ဖာ​ရော​ဘု​ရင်​အား​ပေး​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။ ဖာ​ရော​မင်း​က​လည်း၊ ငါ​မြင်​မက်​သည်​မှာ၊ မြစ်​နား၌​ငါ​ရပ်​နေ၏။ အ​ဆင်း​လှ၍​ဝ​သော နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍၊ မြစ်​နား​မှာ​ပေါက်​သော မြက်​ပင်​ကို​စား​လျက်​နေ​ကြ၏။ ထို​နွား​တို့​နောက်​မှ၊ အ​ဆင်း​မ​လှ ပိန်​ကြုံ​သော​နွား​ခု​နစ်​ကောင်​တို့​သည် ထွက်​လာ​ကြ၏။ ထို​မျှ​လောက် အ​ရုပ်​ဆိုး​သော​နွား​တို့​ကို အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် တစ်​ခါ​မျှ​မ​မြင်​ရ​စ​ဖူး။ အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ ဝ​သော​အ​ရင်​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။ စား​ပြီး​သော​နောက်၊ စား​မှန်း​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ရ။ အ​ရင်​ကဲ့​သို့ အ​ရုပ်​ဆိုး​သေး၏။ ငါ​လည်း​နိုး၏။ တစ်​ဖန်​ငါ​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ၏။ ထို​နောက်​မှ ညှိုး​နွမ်း​လျက်​အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။ အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​သည် ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​ကို စား​ကြ၏။ ထို​အိပ်​မက်​ကို ဗေ​ဒင်​တတ်​တို့​အား​ငါ​ကြား​ပြော၍ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်​ဟု ယော​သပ်​အား​ပြော​ဆို​တော်​မူ၏။ ယော​သပ်​က​လည်း၊ ဖာ​ရော​ဘု​ရင်​မြင်​မက်​တော်​မူ​သော အိပ်​မက်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား ပြ​တော်​မူ​ပြီ။ ကောင်း​သော​နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည်​လည်း ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အိပ်​မက်​တော်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။ ထို​နွား​တို့​နောက်​ထွက်​လာ​သော​နွား၊ ပိန်၍​အ​ရုပ်​ဆိုး​သော နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ဖျင်း​ခု​နစ်​နှံ​တို့​သည်​လည်း၊ အ​စာ​ခေါင်း​ပါး​သော ခု​နစ်​နှစ်​ဖြစ်​ပါ၏။ ဖာ​ရော​ဘု​ရင်​အား ကျွန်​တော်​လျှောက်​လို​သော​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား​ပြ​တော်​မူ၏။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ရှိ​လိမ့်​မည်။ ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​သည် အ​လွန်​အား​ကြီး​သော​ကြောင့်၊ အ​ရင်​ဝ​ပြော​ခြင်း၏ လ​က္ခ​ဏာ​မ​ထင်​ရ။ ဖာ​ရော​ဘု​ရင်​သည် ထပ်၍​အိပ်​မက်​မြင်​ရ​သည်​အ​ရာ​မှာ၊ ထို​အ​မှု​ကို ဘု​ရား​သ​ခင် မြဲ​မြံ​ခိုင်​ခံ့​စေ၍ အ​လျင်​အ​မြန်​စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​သည် ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သော​သူ​ကို ရွေး​ချယ်၍ အဲ​ဂု​တ္တု​ပြည်​ကို အုပ်​စိုး​စေ​တော်​မူ​ပါ။ ခန့်​ထား​တော်​မူ​သော​သူ​သည်​လည်း တစ်​ပြည်​လုံး၌ အ​ကြီး​အ​ကြပ်​တို့​ကို​ခန့်​ထား၍၊ ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ပတ်​လုံး တစ်​ပြည်​လုံး​တွင် ငါး​ဖို့​တစ်​ဖို့​ကောက်​ယူ​ကြ​ပါ​စေ။ ထို​သူ​တို့​သည်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​နှစ်​တို့​တွင် ရိ​က္ခာ​ရှိ​သ​မျှ​ကို​စု​ရုံး၍ ဖာ​ရော​ဘု​ရင်​ထံ​တော်၌ စ​ပါး​များ​ကို​ဆည်း​ပူး​ကြ​ပါ​စေ။ မြို့​များ၌​လည်း ရိ​က္ခာ​ကို သို​ထား​ကြ​ပါ​စေ။ သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ရောက်​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​စား​စ​ရာ​ဖို့ သို​ထား​လျက်​ရှိ​နှင့်၍ အ​စာ​ခေါင်း​ပါး​သော​ကာ​လ​တွင် ပြည်​တော်​မ​ပျက်​ရ​ဟု ဖာ​ရော​မင်း​အား​လျှောက်​လေ၏။ ထို​သို့​ယော​သပ်​လျှောက်​သော​စ​ကား​ကို ဖာ​ရော​မင်း​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၍၊ ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။ ယော​သပ်​အား​လည်း၊ ဘု​ရား​သ​ခင်​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို သင့်​အား​ပြ​တော်​မူ​သည်​ဖြစ်၍ သင်​ကဲ့​သို့ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​မ​ရှိ။ သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊ လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊ ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။ ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။ ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။

ကမ္ဘာဦး 41:1-46 Common Language Bible (BCL)

ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊- ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင်​သည် မြစ်​ထဲ​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား​လျက်​နေ ကြ​၏။- ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ​သော နွား​မ​ခု​နစ်​ကောင်​တို့​သည်​မြစ်​ထဲ​မှ​တက်​လာ ကြ​ပြီး​လျှင် မြစ်​ကမ်း​နား​ပေါ်​သို့​ဦး​စွာ​ရောက် ရှိ​နေ​သော​နွား​များ​အ​နီး​သို့​သွား​၍​ရပ်​နေ ကြ​၏။- ထို​နောက်​နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွားမ​ခု​နစ် ကောင်​ကို​မျို​လိုက်​ကြ​၏။ ထို​အ​ချိန်​၌​ဘုရင် အိပ်​ရာ​မှ​နိုး​လေ​၏။- ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။- ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။- အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။- နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။ ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။- ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။- တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။- ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။- သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။ ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။- ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။ ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။ ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊- ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။- ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။- နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။- တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။- ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။- အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။- ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။- နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။- ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။- အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။- ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။- ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။- ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။ ``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။- ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။- ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။- အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။- ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။- ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။- ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။- ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။- ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။- ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။- ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။- ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။

ကမ္ဘာဦး 41:1-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နှစ်​နှစ်​ကြာ​သောအခါ ဖာရော​မင်းကြီး​အိပ်မက်မက်​သည်​မှာ သူ​သည် နိုင်း​မြစ်​နားတွင်​ရပ်​လျက်​နေ​၏​။ အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။ ထို​နွား​များ​နောက်မှ အဆင်း​မလှ​၊ ပိန်ချုံး​သော အခြား​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ နိုင်း​မြစ်​ကမ်းစပ်​ရှိ ဆူဖြိုး​သော​နွားမ​များ​ဘေး​တွင် ရပ်​နေ​ကြ​၏​။ ထို့နောက် အဆင်း​မလှ​၊ ကိုယ်ခန္ဓာ​ပိန်ချုံး​သော​နွားမ​တို့​သည် အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို ကိုက်စား​လိုက်​ကြ​၏​။ ထိုအခါ ဖာရော​မင်းကြီး​နိုး​လာ​၏​။ တစ်ဖန် သူ​သည်​အိပ်ပျော်​၍ ဒုတိယအကြိမ်​အိပ်မက်မက်​၏​။ အိပ်မက်​ထဲ၌ အလုံးကြီး​၍​ကောင်း​သော စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။ ထို​စပါးနှံ​တို့​နောက်မှ သုန်ဖျင်း​၍​အရှေ့​လေ​ကြောင့်​ညှိုးရော်​နေ​သော စပါးနှံ​ခုနစ်​နှံ​သည်​လည်း ပေါက်လာ​၏​။ သုန်ဖျင်း​သော​စပါးနှံ​တို့​သည် အလုံးကြီး​၍​အဆန်အောင်​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​လေ​၏​။ ထို့နောက် ဖာရော​မင်းကြီး​သည် နိုး​လာ​၍ အိပ်မက်​ဖြစ်ကြောင်း​သိ​ရ​၏​။ နံနက်​ရောက်​သောအခါ ဖာရော​မင်းကြီး​သည် စိတ်​မငြိမ်မသက်​ဖြစ်​လေ​၏​။ ထို့ကြောင့် လူ​လွှတ်​၍ အီဂျစ်​ပြည်​ရှိ နတ်ဝိဇ္ဇာဆရာ​အပေါင်း​တို့​နှင့် ပညာရှိ​အပေါင်း​တို့​ကို​ခေါ်​ပြီးလျှင် မိမိ​၏​အိပ်မက်​ကို သူ​တို့​အား ပြောပြ​လေ​၏​။ သို့သော် ဖာရော​မင်းကြီး​အတွက် ထို​အိပ်မက်​တို့​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ထိုအခါ ဖလားတော်ဝန်​က ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ယနေ့ ကိုယ့်​အပြစ်​ကို ကိုယ်​အောက်မေ့​ပါ​၏​။ အရှင်​ဖာရော​မင်းကြီး​၊ အရှင်​သည် အစေအပါး​တို့​ကို​အမျက်ထွက်​၍ အကျွန်ုပ်​နှင့်​စားတော်ဝန်​ကို ကိုယ်ရံတော်မှူး​၏​အိမ်​၌ အကျဉ်း​ချ​ထား​ပါ​၏​။ အကျွန်ုပ်​တို့​သည် တစ်ညတည်း​၌ အနက်​ကိုယ်စီ​ရှိ​သော​အိပ်မက်​ကို အသီးသီး​မက်​ကြ​ပါ​၏​။ ထို​နေရာ​၌ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်ရံတော်မှူး​၏​အစေအပါး ဟေဗြဲ​လူငယ်​တစ်​ယောက်​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သူ့​အား​ပြောပြ​၍ သူ​သည် အကျွန်ုပ်​တို့​၏​အိပ်မက်​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။ အကျွန်ုပ်​တို့​ကိုယ်စီ​မက်​သော​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။ အကျွန်ုပ်​တို့​အတွက် သူ​အနက်​ဖွင့်ပြ​ပေး​သည့်​အတိုင်း ဖြစ်လာ​ခဲ့​ပါ​၏​။ အရှင်​သည် အကျွန်ုပ်​အား အကျွန်ုပ်​၏​ရာထူး​ကို​ပြန်ပေး​၍ စားတော်ဝန်​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ခဲ့​ပါ​၏​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် လူ​လွှတ်​၍ ယောသပ်​ကို​ခေါ်​စေ​သဖြင့် ယောသပ်​ကို မြေအောက်​အကျဉ်းခန်း​ထဲမှ အလျင်အမြန်​ထုတ်ဆောင်​ကြ​၏​။ ယောသပ်​သည် မုတ်ဆိတ်ရိတ်​၍ အဝတ်အစား​လဲ​ပြီးလျှင် ဖာရော​မင်းကြီး​ထံသို့​အခစားဝင်​လေ​၏​။ ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် အိပ်မက်​တစ်​ခု​မြင်မက်​၏​။ ထို​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သို့ရာတွင် သင်​သည် အိပ်မက်​ကို​ကြား​သောအခါ အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သည်​ဟု သင့်​အကြောင်း​ငါ​ကြား​၏​”​ဟု မိန့်ဆို​လေ​၏​။ ယောသပ်​က​လည်း “​အကျွန်ုပ်​မ​တတ်နိုင်​ပါ​။ ဘုရားသခင်​သာလျှင် အရှင်​ဖာရော​မင်းကြီး​အတွက် သင့်မြတ်​ကောင်းမွန်​သော​အဖြေ​ကို ပေး​တော်မူ​ပါ​လိမ့်မည်​”​ဟု ဖာရော​မင်းကြီး​အား​ပြန်လျှောက်​လေ​၏​။ ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ့​အိပ်မက်​ထဲ၌ ငါ​သည် နိုင်း​မြစ်​ကမ်းစပ်​တွင် ရပ်​လျက်​နေ​၏​။ ဆူဖြိုး​၍ ပုံပန်း​လှ​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။ ထို​နွား​များ​နောက်မှ ချည့်နဲ့​၍ ပုံပန်း​အလွန်​ဆိုး​ပြီး ကိုယ်ခန္ဓာ​ပိန်လှီ​သော အခြား​နွားမ​ခုနစ်​ကောင်​တက်လာ​၏​။ ဤမျှလောက် ကြည့်ရဆိုး​သော​နွား​တို့​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ငါ​မ​တွေ့ဖူး​ပေ​။ ပိန်လှီ​၍​ကြည့်ရဆိုး​သော​နွားမ​တို့​သည် ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို စား​လိုက်​ကြ​၏​။ ထို​နွားမ​တို့​၏​ဝမ်း​ထဲသို့ ရောက်သွား​သော်လည်း ဝမ်း​ထဲသို့​ရောက်သွား​ကြောင်း​ကို မ​သိသာ​ဘဲ​နေ​၏​။ အကြောင်းမူကား ထို​နွားမ​တို့​၏​အဆင်းသဏ္ဌာန်​သည် ယခင်​ကဲ့သို့ပင်​ကြည့်ရဆိုး​လျက်​ရှိ​သေး​၏​။ ထို့နောက် ငါ​နိုး​လာ​၏​။ တစ်ဖန် ငါ့​အိပ်မက်​ထဲ၌ မြင်​ရ​သည်​မှာ အဆန်အောင်​၍​ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။ ထို​စပါးနှံ​တို့​နောက်မှ ခြောက်သွေ့​သုန်ဖျင်း​၍ အရှေ့​လေ​ကြောင့် ညှိုးရော်​နေ​သော​စပါးနှံ​ခုနစ်​နှံ​ထွက်လာ​၏​။ သုန်ဖျင်း​သော​စပါးနှံ​တို့​သည် ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​ကြ​၏​။ ငါ​သည် ထို​အိပ်မက်​ကို နတ်ဝိဇ္ဇာဆရာ​တို့​အား​ပြောပြ​သော်လည်း ငါ့​အား​ဖော်ပြ​ပေး​နိုင်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​”​ဟု ဆို​လေ​၏​။ ထိုအခါ ယောသပ်​က ဖာရော​မင်းကြီး​အား “​အရှင်​ဖာရော​မင်းကြီး​၏​အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။ ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ ကောင်း​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည်​လည်း ခုနစ်​နှစ်​ဖြစ်​၏​။ အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။ ဆူဖြိုး​သော​နွားမ​များ​နောက်မှ တက်လာ​သည့် ပိန်လှီ​၍​အရုပ်ဆိုး​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ အရှေ့​လေ​ကြောင့်​ညှိုးရော်​၍ သုန်ဖျင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ငတ်မွတ်ခေါင်းပါး​သော​ခုနစ်​နှစ်​ဖြစ်​၏​။ အရှင်​ဖာရော​မင်းကြီး​အား အကျွန်ုပ်​လျှောက်ထား​ခဲ့​သည့်​စကား​အတိုင်း ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အလွန်​ဝပြော​သော​နှစ် ခုနစ်​နှစ်​ရောက်လာ​လိမ့်မည်​။ ထို့နောက်မှ ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​ဖြစ်လာ​လိမ့်မည်​။ ထိုအခါ အီဂျစ်​ပြည်​၌​ဝပြော​ခဲ့​သမျှ​ကို​မေ့လျော့​ကြ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် တစ်ပြည်လုံး​ကို​ဖျက်ဆီး​လိမ့်မည်​။ ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် အလွန်​ဆိုးရွား​မည်​ဖြစ်​၏​။ ဝပြော​ခြင်း​နောက်တွင် ဖြစ်လာ​မည့် ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ထို​ပြည်​၌​ဝပြော​ခြင်း​ရှိ​ခဲ့​သည်​ကို​ပင် သိမှတ်​ကြ​တော့​မည်​မ​ဟုတ်​။ အရှင်​ဖာရော​မင်းကြီး​သည် အိပ်မက်​ကို နောက်တစ်ကြိမ်​ထပ်၍​မက်​သည်​မှာ ထို​အမှု​ကို ဘုရားသခင်​အတည်ပြု​တော်မူ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် ထို​အမှု​ကို​အလျင်အမြန်​ပြု​တော်မူ​မည်​ဖြစ်​၏​။ ထို့ကြောင့် အရှင်​ဖာရော​မင်းကြီး​၊ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​ကို​ရှာ​ပြီးလျှင် အီဂျစ်​ပြည်​ကို​အုပ်စိုး​ရန် ထို​သူ​ကို​ခန့်ထား​ပါ​လော့​။ အရှင်​ဖာရော​မင်းကြီး ခန့်ထား​သော​သူ​သည်​လည်း တိုင်းပြည် ကြီးကြပ်သူ​များ​ကို ထပ်မံ​ခန့်အပ်​ထား​ပါစေ​။ သူ​သည် အီဂျစ်​ပြည်​၌​ဝပြော​သော​နှစ် ခုနစ်​နှစ်​တွင် ဂျုံစပါး​ငါးပုံတစ်ပုံ​ကို ကောက်ယူ​ပါစေ​။ ထို​သူ​တို့​သည် လာ​မည့်​ကြွယ်ဝ​သော​နှစ်​များ​မှ အစားအစာ​ရှိသမျှ​တို့​ကို စုသိမ်း​ကြ​ပါစေ​။ ဖာရော​မင်းကြီး​၏​အာဏာ​ဖြင့် အစားအစာ​ဂျုံစပါး​ကို မြို့​များ​၌​စုဆောင်း​ထိန်းသိမ်း​ကြ​ပါစေ​။ ထို​အစားအစာ​တို့​သည် အီဂျစ်​ပြည်​၌​ဖြစ်လာ​မည့်​ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​တွင် တိုင်းပြည်​အတွက် အရန်​သိုမှီး​ထား​သော​အစားအစာ​ဖြစ်​ရ​မည်​။ သို့မှ တိုင်းပြည်​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ပျက်စီး​ခြင်း​သို့​မ​ရောက်​ဘဲ​နေ​မည်​”​ဟု လျှောက်​လေ​၏​။ ထို​အကြံဉာဏ်​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။ ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။ ထို့နောက် ဖာရော​မင်းကြီး​က ယောသပ်​အား “​ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို သင့်​အား​ဖော်ပြ​တော်မူ​ပြီ​ဖြစ်၍ သင်​ကဲ့သို့ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။ သင်​သည် ငါ​၏​နန်းတော်အုပ်​ဖြစ်​ရ​မည်​။ ငါ​၏​လူ​အပေါင်း​တို့​သည် သင်​၏​အမိန့်​ကို​နာခံ​ကြ​ရ​မည်​။ ငါ​သည် ရာဇပလ္လင်​အားဖြင့်​သာ သင့်​ထက်​ကြီးမြတ်​မည်​”​ဟု မိန့်ဆို​၏​။ တစ်ဖန် ဖာရော​မင်းကြီး​က ယောသပ်​အား “​အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် သင့်​ကို​ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​ပြီးလျှင် ဖာရော​မင်းကြီး​သည် မိမိ​၏​လက်​မှ တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ ယောသပ်​၏​လက်​၌​စွပ်​ပေး​၏​။ ပိတ်ချောထည်​အဝတ်​တို့​ကို​လည်း​ဝတ်​ပေး​၍ သူ​၏​လည်ပင်း​၌ ရွှေ​ဆွဲကြိုး​ကို​ဆွဲ​ပေး​ပြီး မိမိ​၏​ဒုတိယ​ရထား​ကို စီး​စေ​၏​။ ရှေ့​တော်​ပြေး​တို့​ကို​လည်း “​ဒူးထောက်​ကြ​လော့​”​ဟု ဟစ်အော်​စေ​၏​။ ဤသို့ဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် ယောသပ်​အား​ခန့်ထား​လေ​၏​။ ထို့ပြင် ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် ဖာရော​မင်းကြီး​ဖြစ်​၏​။ သို့သော်လည်း သင်​ခွင့်မပြု​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ လူ​တစ်စုံတစ်ယောက်​မျှ မိမိ​လက်​၊ မိမိ​ခြေ​ကို​မ​ကြွ​ရ​”​ဟု မိန့်ဆို​လေ​၏​။ ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။