YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 41:1-45

ကမ္ဘာဦးကျမ်း 41:1-45 MSBU

နှစ်​နှစ်​ကြာ​သောအခါ ဖာရော​မင်းကြီး​အိပ်မက်မက်​သည်​မှာ သူ​သည် နိုင်း​မြစ်​နားတွင်​ရပ်​လျက်​နေ​၏​။ အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။ ထို​နွား​များ​နောက်မှ အဆင်း​မလှ​၊ ပိန်ချုံး​သော အခြား​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ နိုင်း​မြစ်​ကမ်းစပ်​ရှိ ဆူဖြိုး​သော​နွားမ​များ​ဘေး​တွင် ရပ်​နေ​ကြ​၏​။ ထို့နောက် အဆင်း​မလှ​၊ ကိုယ်ခန္ဓာ​ပိန်ချုံး​သော​နွားမ​တို့​သည် အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို ကိုက်စား​လိုက်​ကြ​၏​။ ထိုအခါ ဖာရော​မင်းကြီး​နိုး​လာ​၏​။ တစ်ဖန် သူ​သည်​အိပ်ပျော်​၍ ဒုတိယအကြိမ်​အိပ်မက်မက်​၏​။ အိပ်မက်​ထဲ၌ အလုံးကြီး​၍​ကောင်း​သော စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။ ထို​စပါးနှံ​တို့​နောက်မှ သုန်ဖျင်း​၍​အရှေ့​လေ​ကြောင့်​ညှိုးရော်​နေ​သော စပါးနှံ​ခုနစ်​နှံ​သည်​လည်း ပေါက်လာ​၏​။ သုန်ဖျင်း​သော​စပါးနှံ​တို့​သည် အလုံးကြီး​၍​အဆန်အောင်​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​လေ​၏​။ ထို့နောက် ဖာရော​မင်းကြီး​သည် နိုး​လာ​၍ အိပ်မက်​ဖြစ်ကြောင်း​သိ​ရ​၏​။ နံနက်​ရောက်​သောအခါ ဖာရော​မင်းကြီး​သည် စိတ်​မငြိမ်မသက်​ဖြစ်​လေ​၏​။ ထို့ကြောင့် လူ​လွှတ်​၍ အီဂျစ်​ပြည်​ရှိ နတ်ဝိဇ္ဇာဆရာ​အပေါင်း​တို့​နှင့် ပညာရှိ​အပေါင်း​တို့​ကို​ခေါ်​ပြီးလျှင် မိမိ​၏​အိပ်မက်​ကို သူ​တို့​အား ပြောပြ​လေ​၏​။ သို့သော် ဖာရော​မင်းကြီး​အတွက် ထို​အိပ်မက်​တို့​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ထိုအခါ ဖလားတော်ဝန်​က ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ယနေ့ ကိုယ့်​အပြစ်​ကို ကိုယ်​အောက်မေ့​ပါ​၏​။ အရှင်​ဖာရော​မင်းကြီး​၊ အရှင်​သည် အစေအပါး​တို့​ကို​အမျက်ထွက်​၍ အကျွန်ုပ်​နှင့်​စားတော်ဝန်​ကို ကိုယ်ရံတော်မှူး​၏​အိမ်​၌ အကျဉ်း​ချ​ထား​ပါ​၏​။ အကျွန်ုပ်​တို့​သည် တစ်ညတည်း​၌ အနက်​ကိုယ်စီ​ရှိ​သော​အိပ်မက်​ကို အသီးသီး​မက်​ကြ​ပါ​၏​။ ထို​နေရာ​၌ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်ရံတော်မှူး​၏​အစေအပါး ဟေဗြဲ​လူငယ်​တစ်​ယောက်​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သူ့​အား​ပြောပြ​၍ သူ​သည် အကျွန်ုပ်​တို့​၏​အိပ်မက်​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။ အကျွန်ုပ်​တို့​ကိုယ်စီ​မက်​သော​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။ အကျွန်ုပ်​တို့​အတွက် သူ​အနက်​ဖွင့်ပြ​ပေး​သည့်​အတိုင်း ဖြစ်လာ​ခဲ့​ပါ​၏​။ အရှင်​သည် အကျွန်ုပ်​အား အကျွန်ုပ်​၏​ရာထူး​ကို​ပြန်ပေး​၍ စားတော်ဝန်​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ခဲ့​ပါ​၏​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် လူ​လွှတ်​၍ ယောသပ်​ကို​ခေါ်​စေ​သဖြင့် ယောသပ်​ကို မြေအောက်​အကျဉ်းခန်း​ထဲမှ အလျင်အမြန်​ထုတ်ဆောင်​ကြ​၏​။ ယောသပ်​သည် မုတ်ဆိတ်ရိတ်​၍ အဝတ်အစား​လဲ​ပြီးလျှင် ဖာရော​မင်းကြီး​ထံသို့​အခစားဝင်​လေ​၏​။ ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် အိပ်မက်​တစ်​ခု​မြင်မက်​၏​။ ထို​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သို့ရာတွင် သင်​သည် အိပ်မက်​ကို​ကြား​သောအခါ အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သည်​ဟု သင့်​အကြောင်း​ငါ​ကြား​၏​”​ဟု မိန့်ဆို​လေ​၏​။ ယောသပ်​က​လည်း “​အကျွန်ုပ်​မ​တတ်နိုင်​ပါ​။ ဘုရားသခင်​သာလျှင် အရှင်​ဖာရော​မင်းကြီး​အတွက် သင့်မြတ်​ကောင်းမွန်​သော​အဖြေ​ကို ပေး​တော်မူ​ပါ​လိမ့်မည်​”​ဟု ဖာရော​မင်းကြီး​အား​ပြန်လျှောက်​လေ​၏​။ ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ့​အိပ်မက်​ထဲ၌ ငါ​သည် နိုင်း​မြစ်​ကမ်းစပ်​တွင် ရပ်​လျက်​နေ​၏​။ ဆူဖြိုး​၍ ပုံပန်း​လှ​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။ ထို​နွား​များ​နောက်မှ ချည့်နဲ့​၍ ပုံပန်း​အလွန်​ဆိုး​ပြီး ကိုယ်ခန္ဓာ​ပိန်လှီ​သော အခြား​နွားမ​ခုနစ်​ကောင်​တက်လာ​၏​။ ဤမျှလောက် ကြည့်ရဆိုး​သော​နွား​တို့​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ငါ​မ​တွေ့ဖူး​ပေ​။ ပိန်လှီ​၍​ကြည့်ရဆိုး​သော​နွားမ​တို့​သည် ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို စား​လိုက်​ကြ​၏​။ ထို​နွားမ​တို့​၏​ဝမ်း​ထဲသို့ ရောက်သွား​သော်လည်း ဝမ်း​ထဲသို့​ရောက်သွား​ကြောင်း​ကို မ​သိသာ​ဘဲ​နေ​၏​။ အကြောင်းမူကား ထို​နွားမ​တို့​၏​အဆင်းသဏ္ဌာန်​သည် ယခင်​ကဲ့သို့ပင်​ကြည့်ရဆိုး​လျက်​ရှိ​သေး​၏​။ ထို့နောက် ငါ​နိုး​လာ​၏​။ တစ်ဖန် ငါ့​အိပ်မက်​ထဲ၌ မြင်​ရ​သည်​မှာ အဆန်အောင်​၍​ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။ ထို​စပါးနှံ​တို့​နောက်မှ ခြောက်သွေ့​သုန်ဖျင်း​၍ အရှေ့​လေ​ကြောင့် ညှိုးရော်​နေ​သော​စပါးနှံ​ခုနစ်​နှံ​ထွက်လာ​၏​။ သုန်ဖျင်း​သော​စပါးနှံ​တို့​သည် ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​ကြ​၏​။ ငါ​သည် ထို​အိပ်မက်​ကို နတ်ဝိဇ္ဇာဆရာ​တို့​အား​ပြောပြ​သော်လည်း ငါ့​အား​ဖော်ပြ​ပေး​နိုင်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​”​ဟု ဆို​လေ​၏​။ ထိုအခါ ယောသပ်​က ဖာရော​မင်းကြီး​အား “​အရှင်​ဖာရော​မင်းကြီး​၏​အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။ ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ ကောင်း​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည်​လည်း ခုနစ်​နှစ်​ဖြစ်​၏​။ အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။ ဆူဖြိုး​သော​နွားမ​များ​နောက်မှ တက်လာ​သည့် ပိန်လှီ​၍​အရုပ်ဆိုး​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ အရှေ့​လေ​ကြောင့်​ညှိုးရော်​၍ သုန်ဖျင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ငတ်မွတ်ခေါင်းပါး​သော​ခုနစ်​နှစ်​ဖြစ်​၏​။ အရှင်​ဖာရော​မင်းကြီး​အား အကျွန်ုပ်​လျှောက်ထား​ခဲ့​သည့်​စကား​အတိုင်း ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အလွန်​ဝပြော​သော​နှစ် ခုနစ်​နှစ်​ရောက်လာ​လိမ့်မည်​။ ထို့နောက်မှ ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​ဖြစ်လာ​လိမ့်မည်​။ ထိုအခါ အီဂျစ်​ပြည်​၌​ဝပြော​ခဲ့​သမျှ​ကို​မေ့လျော့​ကြ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် တစ်ပြည်လုံး​ကို​ဖျက်ဆီး​လိမ့်မည်​။ ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် အလွန်​ဆိုးရွား​မည်​ဖြစ်​၏​။ ဝပြော​ခြင်း​နောက်တွင် ဖြစ်လာ​မည့် ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ထို​ပြည်​၌​ဝပြော​ခြင်း​ရှိ​ခဲ့​သည်​ကို​ပင် သိမှတ်​ကြ​တော့​မည်​မ​ဟုတ်​။ အရှင်​ဖာရော​မင်းကြီး​သည် အိပ်မက်​ကို နောက်တစ်ကြိမ်​ထပ်၍​မက်​သည်​မှာ ထို​အမှု​ကို ဘုရားသခင်​အတည်ပြု​တော်မူ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် ထို​အမှု​ကို​အလျင်အမြန်​ပြု​တော်မူ​မည်​ဖြစ်​၏​။ ထို့ကြောင့် အရှင်​ဖာရော​မင်းကြီး​၊ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​ကို​ရှာ​ပြီးလျှင် အီဂျစ်​ပြည်​ကို​အုပ်စိုး​ရန် ထို​သူ​ကို​ခန့်ထား​ပါ​လော့​။ အရှင်​ဖာရော​မင်းကြီး ခန့်ထား​သော​သူ​သည်​လည်း တိုင်းပြည် ကြီးကြပ်သူ​များ​ကို ထပ်မံ​ခန့်အပ်​ထား​ပါစေ​။ သူ​သည် အီဂျစ်​ပြည်​၌​ဝပြော​သော​နှစ် ခုနစ်​နှစ်​တွင် ဂျုံစပါး​ငါးပုံတစ်ပုံ​ကို ကောက်ယူ​ပါစေ​။ ထို​သူ​တို့​သည် လာ​မည့်​ကြွယ်ဝ​သော​နှစ်​များ​မှ အစားအစာ​ရှိသမျှ​တို့​ကို စုသိမ်း​ကြ​ပါစေ​။ ဖာရော​မင်းကြီး​၏​အာဏာ​ဖြင့် အစားအစာ​ဂျုံစပါး​ကို မြို့​များ​၌​စုဆောင်း​ထိန်းသိမ်း​ကြ​ပါစေ​။ ထို​အစားအစာ​တို့​သည် အီဂျစ်​ပြည်​၌​ဖြစ်လာ​မည့်​ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​တွင် တိုင်းပြည်​အတွက် အရန်​သိုမှီး​ထား​သော​အစားအစာ​ဖြစ်​ရ​မည်​။ သို့မှ တိုင်းပြည်​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ပျက်စီး​ခြင်း​သို့​မ​ရောက်​ဘဲ​နေ​မည်​”​ဟု လျှောက်​လေ​၏​။ ထို​အကြံဉာဏ်​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။ ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။ ထို့နောက် ဖာရော​မင်းကြီး​က ယောသပ်​အား “​ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို သင့်​အား​ဖော်ပြ​တော်မူ​ပြီ​ဖြစ်၍ သင်​ကဲ့သို့ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။ သင်​သည် ငါ​၏​နန်းတော်အုပ်​ဖြစ်​ရ​မည်​။ ငါ​၏​လူ​အပေါင်း​တို့​သည် သင်​၏​အမိန့်​ကို​နာခံ​ကြ​ရ​မည်​။ ငါ​သည် ရာဇပလ္လင်​အားဖြင့်​သာ သင့်​ထက်​ကြီးမြတ်​မည်​”​ဟု မိန့်ဆို​၏​။ တစ်ဖန် ဖာရော​မင်းကြီး​က ယောသပ်​အား “​အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် သင့်​ကို​ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​ပြီးလျှင် ဖာရော​မင်းကြီး​သည် မိမိ​၏​လက်​မှ တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ ယောသပ်​၏​လက်​၌​စွပ်​ပေး​၏​။ ပိတ်ချောထည်​အဝတ်​တို့​ကို​လည်း​ဝတ်​ပေး​၍ သူ​၏​လည်ပင်း​၌ ရွှေ​ဆွဲကြိုး​ကို​ဆွဲ​ပေး​ပြီး မိမိ​၏​ဒုတိယ​ရထား​ကို စီး​စေ​၏​။ ရှေ့​တော်​ပြေး​တို့​ကို​လည်း “​ဒူးထောက်​ကြ​လော့​”​ဟု ဟစ်အော်​စေ​၏​။ ဤသို့ဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် ယောသပ်​အား​ခန့်ထား​လေ​၏​။ ထို့ပြင် ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် ဖာရော​မင်းကြီး​ဖြစ်​၏​။ သို့သော်လည်း သင်​ခွင့်မပြု​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ လူ​တစ်စုံတစ်ယောက်​မျှ မိမိ​လက်​၊ မိမိ​ခြေ​ကို​မ​ကြွ​ရ​”​ဟု မိန့်ဆို​လေ​၏​။ ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။