YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 41

41
ဘု​ရင်​၏​အိပ်​မက်​ကို​အ​နက်​ဖွင့်​ခြင်း
1ထို​နောက်​နှစ်​နှစ်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် အိပ်​မက်​ကို​မြင်​မက်​သည်​ကား၊ မိ​မိ​သည် မြစ်​နား၌​ရပ်​နေ၏။ 2အ​ဆင်း​လှ၍​ဝ​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ မြစ်​နား​မှာ​ပေါက်​သော​မြက်​ပင်​ကို စား​လျက်​နေ​ကြ၏။ 3ထို​နွား​တို့​နောက်​မှ အ​ဆင်း​မ​လှ၊ ပိန်​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ အ​ရင်​နွား​တို့​အ​နား၌ ကမ်း​ပေါ်​မှာ​ရပ်​နေ​ကြ၏။ 4အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ အ​ဆင်း​လှ၍ ဝ​သော​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး​လေ၏။ 5တစ်​ဖန်​အိပ်​ပြန်​၍ အိပ်​မက်​ကို​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ​၏။ 6ထို​နောက်​မှ အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။ 7အ​လုံး​သေး​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည် အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​ကို​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး၍ အိပ်​မက်​ဖြစ်​သည်​ကို သိ​လေ၏။
8နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် စိတ်​ပူ​ပန်၍၊ အဲ​ဂု​တ္တု​ဗေ​ဒင်​တတ် ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​ခေါ်၍ အိပ်​မက်​တော်​ကို ပြန်​ကြား​တော်​မူ၏။ သို့​သော်​လည်း​ရှေ့​တော်၌ အ​နက်​ကို​ဖတ်​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။#ဒံ၊ ၂:၂။ 9ထို​အ​ခါ​ဖ​လား​တော်​ဝန်​က၊ ကျွန်​တော်​သည်​ကိုယ်​အ​ပြစ်​ကို ယ​နေ့​အောက်​မေ့​ပါ​၏။ 10ဖာ​ရော​ဘု​ရင်​သည် ကျွန်​တော်​နှင့် စား​တော်​ဝန်​ကို​အ​မျက်​ထွက်၍ ကိုယ်​ရံ​တော်​မှူး​အိမ်၌ ချုပ်​ထား​တော်​မူ​သော​အ​ခါ၊ 11ကျွန်​တော်​တို့​နှစ်​ယောက်​သည် အ​သီး​အ​သီး မိ​မိ​တို့​ကိုယ်​စီ​ဆိုင်​သော အ​နက်​နှင့်​ပြည့်​စုံ​သော​အိပ်​မက်​ကို တစ်​ည​ချင်း​တွင် မြင်​မက်​ကြ​ပါ​၏။ 12ကျွန်​တော်​တို့၌​ကိုယ်​ရံ​တော်​မှူး​၏​ကျွန် ဟေ​ဗြဲ​လု​လင်​တစ်​ယောက်​ရှိ၏။ ထို​သူ​အား​ကျွန်​တော်​တို့​သည် ကြား​ပြော၍ သူ​သည်​အိပ်​မက်၏​အ​နက်​ကို ဖတ်​ပါ၏။ တစ်​ယောက်​စီ​မြင်​မက်​သည်​အ​တိုင်း ဖတ်​ပါ​၏။ 13ဖတ်​သည်​အ​တိုင်း​လည်း​မှန်​ပါ၏။ ကျွန်​တော်​သည် အ​ရင်​အ​ရာ​ကို​ရ​ပြန်၍၊ စား​တော်​ဝန်​မူ​ကား၊ ဆွဲ​ထား​ခြင်း​ကို​ခံ​ရ​ပါ​သည်​ဟု လျှောက်​လေ၏။
14ထို​အ​ခါ​ဖာ​ရော​မင်း​သည်​လူ​ကို​စေ​လွှတ်​၍ ယော​သပ်​ကို ခေါ်​တော်​မူ၏။ ယော​သပ်​သည် ထောင်​ထဲ​က​အ​လျင်​အ​မြန်​ထွက်​ရ၍၊ မုတ်​ဆိတ်​ညှပ်​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို​ပြု​ပြီး​မှ အ​ထံ​တော်​သို့​ဝင်​ရ​၏။ 15ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​အိပ်​မက်​ကို​မြင်​မက်​ပြီ။ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်။ သင်​သည် အိပ်​မက်​ကို နား​လည်​သော​ဉာဏ်​နှင့် အ​နက်​ဖတ်​နိုင်​သည်​ကို ငါ​ကြား​ရ​ပြီ​ဟု​ဆို၏။ 16ယော​သပ်​က​လည်း၊ ကျွန်​တော်​သည် အ​လို​အ​လျောက်​မ​တတ်​နိုင်​ပါ။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​အ​ဖြေ​စ​ကား​ကို ဖာ​ရော​ဘု​ရင်​အား​ပေး​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။ 17ဖာ​ရော​မင်း​က​လည်း၊ ငါ​မြင်​မက်​သည်​မှာ၊ မြစ်​နား၌​ငါ​ရပ်​နေ၏။ 18အ​ဆင်း​လှ၍​ဝ​သော နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍၊ မြစ်​နား​မှာ​ပေါက်​သော မြက်​ပင်​ကို​စား​လျက်​နေ​ကြ၏။ 19ထို​နွား​တို့​နောက်​မှ၊ အ​ဆင်း​မ​လှ ပိန်​ကြုံ​သော​နွား​ခု​နစ်​ကောင်​တို့​သည် ထွက်​လာ​ကြ၏။ ထို​မျှ​လောက် အ​ရုပ်​ဆိုး​သော​နွား​တို့​ကို အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် တစ်​ခါ​မျှ​မ​မြင်​ရ​စ​ဖူး။ 20အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ ဝ​သော​အ​ရင်​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။ 21စား​ပြီး​သော​နောက်၊ စား​မှန်း​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ရ။ အ​ရင်​ကဲ့​သို့ အ​ရုပ်​ဆိုး​သေး၏။ ငါ​လည်း​နိုး၏။ 22တစ်​ဖန်​ငါ​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ၏။ 23ထို​နောက်​မှ ညှိုး​နွမ်း​လျက်​အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။ 24အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​သည် ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​ကို စား​ကြ၏။ ထို​အိပ်​မက်​ကို ဗေ​ဒင်​တတ်​တို့​အား​ငါ​ကြား​ပြော၍ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်​ဟု ယော​သပ်​အား​ပြော​ဆို​တော်​မူ၏။
25ယော​သပ်​က​လည်း၊ ဖာ​ရော​ဘု​ရင်​မြင်​မက်​တော်​မူ​သော အိပ်​မက်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား ပြ​တော်​မူ​ပြီ။ 26ကောင်း​သော​နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည်​လည်း ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အိပ်​မက်​တော်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။ 27ထို​နွား​တို့​နောက်​ထွက်​လာ​သော​နွား၊ ပိန်၍​အ​ရုပ်​ဆိုး​သော နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ဖျင်း​ခု​နစ်​နှံ​တို့​သည်​လည်း၊ အ​စာ​ခေါင်း​ပါး​သော ခု​နစ်​နှစ်​ဖြစ်​ပါ၏။ 28ဖာ​ရော​ဘု​ရင်​အား ကျွန်​တော်​လျှောက်​လို​သော​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား​ပြ​တော်​မူ၏။ 29အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ရှိ​လိမ့်​မည်။ 30ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။ 31အ​စာ​ခေါင်း​ပါး​ခြင်း​သည် အ​လွန်​အား​ကြီး​သော​ကြောင့်၊ အ​ရင်​ဝ​ပြော​ခြင်း၏ လ​က္ခ​ဏာ​မ​ထင်​ရ။ 32ဖာ​ရော​ဘု​ရင်​သည် ထပ်၍​အိပ်​မက်​မြင်​ရ​သည်​အ​ရာ​မှာ၊ ထို​အ​မှု​ကို ဘု​ရား​သ​ခင် မြဲ​မြံ​ခိုင်​ခံ့​စေ၍ အ​လျင်​အ​မြန်​စီ​ရင်​တော်​မူ​လိမ့်​မည်။ 33သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​သည် ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သော​သူ​ကို ရွေး​ချယ်၍ အဲ​ဂု​တ္တု​ပြည်​ကို အုပ်​စိုး​စေ​တော်​မူ​ပါ။ 34ခန့်​ထား​တော်​မူ​သော​သူ​သည်​လည်း တစ်​ပြည်​လုံး၌ အ​ကြီး​အ​ကြပ်​တို့​ကို​ခန့်​ထား၍၊ ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ပတ်​လုံး တစ်​ပြည်​လုံး​တွင် ငါး​ဖို့​တစ်​ဖို့​ကောက်​ယူ​ကြ​ပါ​စေ။ 35ထို​သူ​တို့​သည်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​နှစ်​တို့​တွင် ရိ​က္ခာ​ရှိ​သ​မျှ​ကို​စု​ရုံး၍ ဖာ​ရော​ဘု​ရင်​ထံ​တော်၌ စ​ပါး​များ​ကို​ဆည်း​ပူး​ကြ​ပါ​စေ။ မြို့​များ၌​လည်း ရိ​က္ခာ​ကို သို​ထား​ကြ​ပါ​စေ။ 36သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ရောက်​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​စား​စ​ရာ​ဖို့ သို​ထား​လျက်​ရှိ​နှင့်၍ အ​စာ​ခေါင်း​ပါး​သော​ကာ​လ​တွင် ပြည်​တော်​မ​ပျက်​ရ​ဟု ဖာ​ရော​မင်း​အား​လျှောက်​လေ၏။
ယော​သပ်​ကို​ဘု​ရင်​ခံ​ခ​န့်​အပ်​ခြင်း
37ထို​သို့​ယော​သပ်​လျှောက်​သော​စ​ကား​ကို ဖာ​ရော​မင်း​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၍၊ 38ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။ 39ယော​သပ်​အား​လည်း၊ ဘု​ရား​သ​ခင်​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို သင့်​အား​ပြ​တော်​မူ​သည်​ဖြစ်၍ သင်​ကဲ့​သို့ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​မ​ရှိ။ 40သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။#တ၊ ၇:၁၀။ 41တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊#ဒံ၊ ၅:၂၉။ 42လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊ 43ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။ 44ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။ 45ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။
46ယော​သပ်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ အခွင့်​ရ​သော​အ​ခါ၊ အ​သက်​အ​နှစ်​သုံး​ဆယ်​ရှိ​သ​တည်း။ အ​ထံ​တော်​က​ထွက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး သို့​သွား​လေ၏။ 47ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ပတ်​လုံး မြေ​အ​သီး​အ​နှံ​တို့​သည် အ​လွန်​များ​ပြား​ကြ၏။ 48ခု​နစ်​နှစ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်​တွင်​ရှိ​သ​မျှ​သော​ရိ​က္ခာ​ကို​စု​ရုံး၍ မြို့​တို့၌ သို​ထား​လေ၏။ မြို့​ပတ်​ဝန်း​ကျင်​လယ်​တို့၌​ရ​သော ရိ​က္ခာ​ကို​မြို့​အ​သီး​အ​သီး​တို့​တွင် သို​ထား​လေ၏။ 49စ​ပါး​ကို​ကား သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​စု​ထား၍ မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် မ​ရေ​တွက်​ဘဲ​နေ​သ​တည်း။
50အ​စာ​ခေါင်း​ပါး​သော​နှစ်​မ​ရောက်​မီ၊ ယော​သပ်​သည် ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​တွင် သား​နှစ်​ယောက်​တို့​ကို မြင်​ရ၏။ 51သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ 52နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။
53ထို​နောက် အဲ​ဂု​တ္တု​ပြည်၌​ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ကုန်​လေ၏။ 54ယော​သပ်​ပြော​သည်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သော​နှစ်​တို့​သည် ရောက်​စ​ရှိ၏။ ထို​အ​ခါ ခပ်​သိမ်း​သော​ပြည်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​သော်​လည်း အဲ​ဂု​တ္တု​ပြည်၌ ဆန်​စ​ပါး​ရှိ​သေး၏။#တ၊ ၇:၁၁။ 55နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် မွတ်​သိပ်​သော​အ​ခါ စား​စ​ရာ​ကို​ရ​ပါ​မည်​အ​ကြောင်း ဖာ​ရော​မင်း​ထံ၌​ကြွေး​ကြော်​ကြ၏။ ဖာ​ရော​မင်း​က​လည်း၊ ယော​သပ်​ထံ​သို့​သွား​ကြ၊ သူ​စီ​ရင်​သည်​အ​တိုင်း​ပြု​ကြ​ဟု အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို မိန့်​တော်​မူ၏။#ယော၊ ၂:၅။ 56မြေ​ပြင်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​သော​အ​ခါ၊ ယော​သပ်​သည် စ​ပါး​ကျီ​ရှိ​သ​မျှ​တို့​ကို​ဖွင့်၍ အဲ​ဂု​တ္တု​လူ​တို့​အား​ရောင်း​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ အ​စဉ်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သ​တည်း။ 57ခပ်​သိမ်း​သော​ပြည်​တို့၌​လည်း အ​လွန်​အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အ​သီး​အ​သီး​သော​ပြည်​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​ယော​သပ်​ထံ​သို့ လာ​ရောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 41: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။