YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 40

40
အ​ကျဉ်း​သား​နှစ်​ဦး​၏​အိပ်​မက်
1ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။ 2ဖာ​ရော​ဘု​ရင်​သည် ထို​အ​မတ်​နှစ်​ယောက်​တည်း​ဟူ​သော ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​ကို​အ​မျက်​ထွက်၍၊ 3ယော​သပ်​အ​ချုပ်​ခံ​ရာ​ထောင်​တည်း​ဟူ​သော ကိုယ်​ရံ​တော်​မှူး၏​အိမ်၌ ချုပ်​ထား​တော်​မူ၏။ 4ကိုယ်​ရံ​တော်​မှူး​သည် သူ​တို့​ကို​ယော​သပ်၌​အပ်၍၊ ယော​သပ်​သည် ပြု​စု​ရ၏။ သူ​တို့​လည်း အင်​တန်​ကာ​လ အ​ချုပ်​ခံ​လျက်​နေ​ရ​ကြ၏။
5ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။ 6နံ​နက်​အ​ချိန်​ရောက်​မှ ယော​သပ်​သည် သူ​တို့​ထံ​သို့​ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​သည်​ကို​မြင်​လျှင်၊ 7သင်​တို့​သည် ယ​နေ့​အ​ဘယ်​ကြောင့်​မျက်​နှာ​ညှိုး​ငယ်​သ​နည်း​ဟု မိ​မိ​သ​ခင်​အိမ်၌ မိ​မိ​နှင့်​အ​တူ​အ​ချုပ်​ခံ​နေ​ရ​သော ဖာ​ရော​မင်း၏​အ​မတ်​တို့​အား​မေး​၏။ 8သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။ 9ထို​အ​ခါ​ဖ​လား​တော်​ဝန်​သည် မိ​မိ​အိပ်​မက်​ကို ယော​သပ်​အား ကြား​ပြော​သည်​ကား၊ ငါ​မြင်​မက်​သော​အိပ်​မက်​တွင်၊ ငါ့​ရှေ့​မှာ​စ​ပျစ်​နွယ်​ပင်​ရှိ​၏။ 10ထို​စ​ပျစ်​နွယ်​ပင်၌ အ​လက်​သုံး​လက်​ရှိ၏။ ထို​အ​လက်​တို့၌​ပန်း​ငုံ​ကဲ့​သို့​ရှိ၏။ အ​ပွင့်​လည်း​ပွင့်၏။ အ​သီး​ပြွတ်​တို့​လည်း မှည့်​သော​စ​ပျစ်​သီး​ဖြစ်​လေ​၏။ 11ဖာ​ရော​မင်း၏​ဖ​လား​တော်​ကို​ငါ​ကိုင်​လျက်၊ ထို​စ​ပျစ်​သီး​ကို​ယူ၍ ဖ​လား​တော်၌​ညှစ်​ပြီး​မှ လက်​တော်​တွင်​ဆက်​သည်​ဟု​ပြော​ဆို​၏။ 12ယော​သပ်​က​လည်း သင်၏​အိပ်​မက်​အ​နက်​ဟူ​မူ​ကား၊ စ​ပျစ်​နွယ်​သုံး​လက်​တို့​သည် သုံး​ရက်​ဖြစ်​၏။ 13သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို​ချီး​မြှောက်၍ သင်၏​အ​ရာ​ကို​ပြန်​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည်​အ​ထက်​က​ဖ​လား​တော်​ဝန်​ဖြစ်၍ ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင်​ဆက်​မြဲ ဆက်​ရ​လိမ့်​မည်။ 14သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။ 15အ​ကယ်​စင်​စစ် ကျွန်ုပ်​ကို ဟေ​ဗြဲ​ပြည်​မှ​ခိုး​ယူ​ခဲ့​ကြ၏။ ဤ​ပြည်​မှာ​လည်း ကျွန်ုပ်၌​အ​ပြစ်​မ​ရှိ​ဘဲ ထောင်​ထဲ​မှာ​လှောင်​ထား​ကြ​သည်​ဟု​ဆို​လေ၏။
16ထို​အိပ်​မက်​အ​နက်​ကောင်း​သည်​ကို စား​တော်​ဝန်​သိ​မြင်​လျှင်၊ ငါ​သည်​လည်း ဖြူ​သော​တောင်း​သုံး​လုံး​ကို ကိုယ်​တိုင်​ရွက်​နေ​သည်​ကို မြင်​မက်​၏။ 17အ​ပေါ်​တောင်း​တွင် ဖာ​ရော​မင်း​စား​တော်​ခေါ်​ဖို့​ချက်​ပြီး​သော ခဲ​ဖွယ်​စား​ဖွယ် အ​မျိုး​မျိုး​ရှိ၍၊ ငှက်​တို့​သည်​လည်း ငါ​ရွက်​သော​တောင်း​ထဲ​က​နုတ်၍​စား​ကြ​သည်​ဟု ယော​သပ်​အား​ပြော​ဆို​၏။ 18ယော​သပ်​က​လည်း၊ သင်၏​အိပ်​မက်​အ​နက်​ဟူ​မူ​ကား၊ တောင်း​သုံး​လုံး​သည် သုံး​ရက်​ဖြစ်​၏။ 19သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို ကိုယ်​နှင့်​ခွာ​မြှောက်​လျက် သစ်​ပင်၌​ဆွဲ​ထား​တော်​မူ​၍၊ ငှက်​တို့​သည် သင်၏​အ​သား​ကို​နုတ်၍​စား​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​၏။
20ထို​နောက်​သုံး​ရက်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျွေး​မွေး​တော်​မူ​စဉ်​တွင်၊ ဖ​လား​တော်​ဝန်၏​ဦး​ခေါင်း​နှင့် စား​တော်​ဝန်၏​ဦး​ခေါင်း​ကို ကျွန်​တော်​မျိုး​တို့​တွင်​ဖော်​တော်​မူ၍၊ 21အိပ်​မက်​အ​နက်​ကို ယော​သပ်​ဖတ်​သည်​အ​တိုင်း၊ ဖ​လား​တော်​ဝန်​ကို အ​ထက်​အ​ရာ၌ တစ်​ဖန်​ခန့်​ထား​တော်​မူ​သ​ဖြင့်၊ သူ​သည်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင် ဆက်​မြဲ​ဆက်​ရ​၏။ 22စား​တော်​ဝန်​ကို​မူ​ကား၊ ဆွဲ​ထား​တော်​မူ၏။ 23သို့​သော်​လည်း ဖ​လား​တော်​ဝန်​သည် ယော​သပ်​ကို​မ​အောက်​မေ့​ဘဲ မေ့​လျော့၍​နေ​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 40: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။