YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:1-36

ကမ္ဘာဦး 37:1-36 Judson Bible (JBMLE)

ယာ​ကုပ်​သည် မိ​မိ​အ​ဘ​တည်း​ခို​ရာ​ခါ​နာန်​ပြည်၌​နေ၏။ ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။ ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။ အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။ ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။ အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။ ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။ အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။ တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။ ထို​သို့​အ​ဘ​နှင့် အစ်​ကို​တို့​အား​ကြား​ပြော​သော​အ​ခါ၊ အ​ဘ​က၊ သင်​မြင်​သော​အိပ်​မက်​သည် အ​ဘယ်​သို့​နည်း။ ငါ​နှင့်​သင်​၏​အ​မိ၊ သင်၏​အစ်​ကို​တို့​သည် သင့်​ထံ​သို့​စင်​စစ်​လာ၍ ဦး​ညွှတ်​ချ​ရ​မည်​လော​ဟူ၍၊ သူ့​ကို​ဆုံး​မ​လေ၏။ အစ်​ကို​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ အ​ဘ​သည် ထို​အ​ရာ​ကို​မှတ်​လေ၏။ အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။ ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊ အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။ တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊ အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊ ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။ အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊ ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။ တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။ ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊ သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။ ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊ ယု​ဒ​က၊ ငါ​တို့​သည် ညီ​ကို​သတ်၍​သေ​ကြောင်း​ကို​ဝှက်​ထား​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ ကိုင်​ကြ။ ကိုယ်​တိုင်​မ​ညှဉ်း​ဆဲ​ဘဲ၊ ဣ​ရှ​မေ​လ​လူ​တို့​အား ရောင်း​လိုက်​ကြ​စို့။ သူ​သည် တို့​ညီ၊ တို့​အ​မျိုး​ဖြစ်၏​ဟု အစ်​ကို​တို့​အား​ဆို​သည်​ရှိ​သော်၊ ညီ​အစ်​ကို​တို့​သည် ဝန်​ခံ​ကြ​၏။ ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။ ရု​ဗင်​သည်​လည်း တွင်း​သို့​သွား၍၊ တွင်း​ထဲ​မှာ​ယော​သပ်​မ​ရှိ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်​လျက်၊ ညီ​တို့​ရှိ​ရာ​သို့​သွား၍၊ သူ​ငယ်​မ​ရှိ​ပါ​တ​ကား။ ငါ​သည် အ​ဘယ်​သို့​သွား​ရ​ပါ​မည်​နည်း​ဟု ဆို​လေ​၏။ သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။ ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊ ထို​အင်္ကျီ​ကို​အ​ဘ​မှတ်​မိ၍၊ ငါ့​သား၏​အင်္ကျီ​မှန်၏။ သူ့​ကို​ဆိုး​သော​သား​ရဲ​ကိုက်​စား​ပြီ။ အ​ကယ်​၍​ယော​သပ်​ကို အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား​ဟု​ဆို​လျက်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။ သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။ ယော​သပ်​ကို​ကား၊ မိ​ဒျန်​လူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ဆောင်​သွား၍၊ ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး၊ ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ​၏။

ကမ္ဘာဦး 37:1-36 Common Language Bible (BCL)

ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​နေ​ထိုင်​ရာ ခါ​နာန် ပြည်​တွင် ဆက်​လက်​နေ​ထိုင်​လေ​၏။- ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။ ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​ကြီး​မှ​ယော​သပ် ကို​ရ​ခြင်း​ကြောင့်​အ​ခြား​သား​များ​ထက်​သူ့ အား​ပို​၍​ချစ်​၏။ သူ​သည်​ယော​သပ်​အ​တွက် ထူး​ခြား​စွာ​တန်​ဆာ​ဆင်​ထား​သော​ဝတ်​ရုံ ကို​ချုပ်​ပေး​၏။- ဖ​ခင်​က​ယော​သပ်​အား​သူ​တို့​ထက်​ပို​၍​ချစ် သ​ဖြင့်​သူ​၏​အစ်​ကို​တို့​သည် သူ့​အား​ကြင်​နာ သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြော​နိုင်​လောက် အောင်​ရွံ​မုန်း​ကြ​လေ​သည်။ တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။- ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။- ကျွန်​တော်​တို့​သည်​လယ်​ထဲ​၌​ကောက်​လှိုင်း​များ ကို​စည်း​နေ​ကြ​စဉ် ကျွန်​တော်​၏​ကောက်​လှိုင်း​စည်း သည်​လဲ​ရာ​မှ​ထောင်​မတ်​လာ​၏။ အစ်​ကို​တို့​၏ ကောက်​လှိုင်း​စည်း​များ​သည်​ကျွန်​တော်​၏​ကောက် လှိုင်း​စည်း​ကို​ဝိုင်း​လာ​ပြီး​လျှင်​ဦး​ညွှတ်​ရှိ​ခိုး ကြ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။ အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။ တစ်​ဖန်​ယော​သပ်​သည်​အိပ်​မက်​မက်​ပြန်​၍​အစ် ကို​တို့​အား``ကျွန်​တော်​သည်​အိပ်​မက်​မြင်​မက် ပြန်​ပြီ။ ထို​အိပ်​မက်​ထဲ​တွင်​နေ၊ လ​နှင့်​ကြယ် တစ်​ဆယ့်​တစ်​လုံး​တို့​က​ကျွန်​တော်​အား​ဦး ညွှတ်​ရှိ​ခိုး​ကြ​သည်​ကို​မြင်​ရ​ပါ​သည်''ဟု ပြော​လေ​၏။ သူ​၏​အိပ်​မက်​ကို​ဖ​ခင်​အား​လည်း​ပြော​ပြ​သော အ​ခါ​ဖ​ခင်​က``သင်​၏​အိပ်​မက်​ကား​အ​ဘယ်​သို့ နည်း။ သင်​၏​မိ​ခင်၊ ဖ​ခင်​နှင့်​အစ်​ကို​တို့​က​သင့် အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​လော'' ဟု​ဆုံး​မ လိုက်​လေ​၏။- ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။ တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊- ယာ​ကုပ်​က​ယော​သပ်​အား``သင်​၏​အစ်​ကို​တို့ သိုး​ဆိတ်​ကျောင်း​ရာ​ရှေ​ခင်​မြို့​သို့​သွား​ပါ လော့'' ဟု​ဆို​၏။ ထို​အ​ခါ​ယော​သပ်​က``ဟုတ်​ကဲ့၊ ကျွန်​တော် သွား​ပါ​မည်'' ဟု​ဖြေ​ကြား​၏။ သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။ သူ​သည်​မြို့​ပြင်​၌​လှည့်​လည်​ရှာ​ဖွေ​နေ​စဉ် လူ တစ်​ယောက်​က​သူ့​ကို​မြင်​၍``သင်​ဘာ​ကို​ရှာ နေ​သ​နည်း'' ဟု​မေး​၏။ ``သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​နေ​သော​အစ် ကို​များ​ကို​ရှာ​နေ​ပါ​သည်။ သူ​တို့​အ​ဘယ်​မှာ ရှိ​သည်​ကို​ပြော​နိုင်​ပါ​သ​လော'' ဟု​ဆို​၏။ ထို​သူ​က``သူ​တို့​ဤ​အ​ရပ်​မှ​ထွက်​ခွာ​သွား ကြ​ပြီ။ ဒေါ​သန်​မြို့​ဘက်​သို့​သွား​ကြ​မည် ဟု​ပြော​သံ​ကြား​လိုက်​ရ​သည်'' ဟု​ဖြေ​၏။ ထို့ ကြောင့်​ယော​သပ်​သည်​အစ်​ကို​များ​နောက်​သို့ လိုက်​သွား​ရာ​သူ​တို့​ကို​ဒေါ​သန်​မြို့​၌​တွေ့ လေ​၏။ ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။- သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။- လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ရု​ဗင်​သည်​သူ​တို့​၏​အ​ကြံ​ကို​ကြား​ရ​လျှင် ယော​သပ်​ကို​ကယ်​ရန်​ကြိုး​စား​လေ​၏။ သူ​က``သူ့ ကို​မ​သတ်​ပစ်​ကြ​နှင့်။- သူ့​ကို​ဤ​တော​ကန္တာ​ရ​တွင်​ရှိ​သော​တွင်း​ထဲ​သို့ ပစ်​ချ​ကြ​စို့။ သူ့​အား​အ​နာ​တ​ရ​မ​ဖြစ်​စေ ကြ​နှင့်'' ဟု​ဆို​လေ​၏။ ထို​ကဲ့​သို့​အ​ကြံ​ပေး​ရ ခြင်း​မှာ​သူ​သည်​ယော​သပ်​အား​ညီ​အစ်​ကို​တို့ လက်​မှ​ကယ်​၍​ဖ​ခင်​ထံ​သို့​ပြန်​အပ်​ရန်​အ​ကြံ ရှိ​ခြင်း​ကြောင့်​ဖြစ်​သည်။- အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။- ထို​နောက်​သူ့​အား​ချုပ်​ကိုင်​၍​ရေ​ခန်း​ခြောက် သော​တွင်း​ထဲ​သို့​ချ​လိုက်​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။- ယု​ဒ​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ငါ​တို့​၏ ညီ​ကို​သတ်​၍​အ​ဖြစ်​မှန်​ကို​ထိမ်​ဝှက်​ထား ခြင်း​ဖြင့် ငါ​တို့​၌​မည်​သို့​အ​ကျိုး​ကျေး​ဇူး ရှိ​နိုင်​ပါ​မည်​နည်း။- ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။- ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။ ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။- ထို​နောက်​သူ​၏​ညီ​များ​ရှိ​ရာ​သို့​ပြန်​လာ​၍``တွင်း ထဲ​မှာ​သူ​ငယ်​မ​ရှိ​တော့​ပြီ။ ငါ​အ​ဘယ်​သို့​ပြု လုပ်​ရ​ပါ​မည်​နည်း'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​ဆိတ်​တစ်​ကောင်​ကို​သတ်​၍​ယော​သပ် ၏​ဝတ်​ရုံ​ကို​ဆိတ်​သွေး​ထဲ​၌​နှစ်​လေ​၏။- ထို​နောက်​ထူး​ဆန်း​စွာ​တန်​ဆာ​ဆင်​ထား​သော ဝတ်​ရုံ​ကို​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​ပြီး​လျှင်``ကျွန်​တော် တို့​ဤ​အင်္ကျီ​ကို​တွေ့​ရ​ပါ​သည်။ ဖ​ခင်​သား​၏ အင်္ကျီ​ဖြစ်​ပါ​သ​လော'' ဟု​မေး​ကြ​၏။ ယာ​ကုပ်​သည်​ထို​အင်္ကျီ​ကို​မှတ်​မိ​သ​ဖြင့်``ငါ့ သား​၏​အင်္ကျီ​ပင်​ဖြစ်​သည်။ သား​ရဲ​တစ်​ကောင် ကောင်​က​သူ့​ကို​ကိုက်​သတ်​လေ​ပြီ။ ငါ့​သား​ကို အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား'' ဟု​ဆို လေ​၏။- ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။- သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။- ထို​အ​ချိန်​အ​တော​အ​တွင်း​အီ​ဂျစ်​၌​မိ​ဒျန် အ​မျိုး​သား​တို့​သည် ဖာ​ရော​ဘု​ရင်​၏​အ​ရာ​ရှိ တစ်​ဦး​ဖြစ်​သူ​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ ထံ​၌​ယော​သပ်​အား​ရောင်း​ကြ​လေ​သည်။

ကမ္ဘာဦး 37:1-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည် မိမိ​ဖခင်​တည်းခိုနေထိုင်​ရာ​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​၌ နေထိုင်​၏​။ ယာကုပ်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ယောသပ်​သည် အသက်​တစ်ဆယ့်​ခုနစ်​နှစ်​ရှိ​သောအခါ မိမိ​အစ်ကို​တို့​နှင့်အတူ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​၏​။ ယောသပ်​သည် အသက်ငယ်​သေး​သဖြင့် ဖခင်​၏​မယား​ဖြစ်​သော ဗိလဟာ​နှင့်​ဇိလပ​တို့​၏​သား​တို့​နှင့်အတူ​နေ​၍ သူ​တို့​၏​မကောင်းသတင်း​ကို ဖခင်​အား​ပြော​လေ့​ရှိ​၏​။ အစ္စရေး​သည် ယောသပ်​ကို အသက်ကြီး​မှ​ရ​သောကြောင့် သား​အားလုံး​ထက် သူ့​ကို​ပို၍​ချစ်​သဖြင့် ရောင်စုံ​သင်တိုင်း​ကို သူ့​အတွက်​ချုပ်ပေး​၏​။ ဖခင်​က သူ့​ကို ညီအစ်ကို​အားလုံး​ထက်​ပို၍​ချစ်​ကြောင်း သူ့​အစ်ကို​တို့​သိမြင်​သောအခါ သူ့​ကို​မုန်း​၍ သူ့​အား​ချိုသာ​စွာ​မ​ပြောဆို​နိုင်​ကြ​ချေ​။ ယောသပ်​သည် အိပ်မက်​မက်​၍ သူ့​အစ်ကို​တို့​အား​ပြောပြ​သောအခါ သူ​တို့​သည် သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။ ယောသပ်​က သူ​တို့​အား “​အကျွန်ုပ်​မက်​သော အိပ်မက်​ကို ပြောပြ​မည်​။ နားထောင်​ကြ​ပါ​။ အကျွန်ုပ်​တို့​သည် လယ်​၌ ကောက်လှိုင်း​များ​စည်း​နေ​ကြ​ရာ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​သည် ထ​၍ မတ်တတ်ရပ်​လေ​၏​။ ထိုအခါ အစ်ကို​တို့​၏​ကောက်လှိုင်းစည်း​များ​သည် ဝိုင်း​လာ​၍ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ဆို​လေ​၏​။ သူ့​အစ်ကို​တို့​က​လည်း “​သင်​သည် ငါ​တို့​ကို အမှန်ပင်​စိုးစံ​မည်လော​။ ငါ​တို့​ကို အမှန်ပင်​အုပ်စိုး​မည်လော​”​ဟု ဆို​၍ သူ​၏​အိပ်မက်​ကြောင့်​လည်းကောင်း​၊ သူ​၏​စကား​တို့​ကြောင့်​လည်းကောင်း သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။ တစ်ဖန် ယောသပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​သဖြင့် မိမိ​အစ်ကို​တို့​အား “​အကျွန်ုပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​၏​။ နေ​၊ လ​နှင့် ကြယ်​တစ်ဆယ့်​တစ်​လုံး​တို့​သည် အကျွန်ုပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ပြောပြ​လေ​၏​။ ထိုသို့ သူ​သည် မိမိ​ဖခင်​နှင့်​အစ်ကို​တို့​အား​ပြောပြ​သောအခါ ဖခင်​က “​သင်​မက်​သော​အိပ်မက်​ကား မည်သို့​နည်း​။ စင်စစ် ငါ​နှင့် သင့်​မိခင်​၊ သင့်​အစ်ကို​တို့​သည် သင့်​ရှေ့​သို့​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ရ​မည်လော​”​ဟု ဆို​လျက် သူ့​ကို​ဆုံးမ​လေ​၏​။ အစ်ကို​တို့​သည် သူ့​ကို​မနာလို​ဖြစ်​ကြ​၏​။ ဖခင်​မူကား ထို​အကြောင်းအရာ​ကို စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏​။ ထို့နောက် ယောသပ်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​တွင် ဖခင်​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​ရန်​ထွက်ခွာ​သွား​ကြ​၏​။ အစ္စရေး​က ယောသပ်​အား “​သင်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​၌ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​နေ​သည်​မ​ဟုတ်​လော​။ လာ​ပါ​။ သင့်​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်​”​ဟု ဆို​လျှင် သူ​က “​ဟုတ်ကဲ့​ပါ​”​ဟု ဆို​၏​။ ဖခင်​က​လည်း “​ယခု သွား​၍ သင့်​အစ်ကို​တို့​၏​အခြေအနေ​၊ သိုးဆိတ်​တို့​၏​အခြေအနေ​ကို ကြည့်ရှု​ပြီးလျှင် ငါ့​ကို​ပြန်လာ​ပြောပြ​လော့​”​ဟု ဆို​ပြီး သူ့​ကို​ဟေဗြုန်​ချိုင့်ဝှမ်း​မှ​စေလွှတ်​လိုက်​၏​။ ယောသပ်​သည် ရှေခင်​မြို့​သို့​ရောက်​ပြီး ကွင်းပြင်​၌ လှည့်လည်​နေ​စဉ် လူ​တစ်​ယောက်​က သူ့​ကို​တွေ့​၍ “​ဘာ​ကို​ရှာ​နေ​သနည်း​”​ဟု သူ့​အား​မေး​လေ​၏​။ သူ​က​လည်း “​အကျွန်ုပ်​၏​အစ်ကို​တို့​ကို ရှာ​နေ​ပါ​သည်​။ သူ​တို့​သည် သိုးဆိတ်​တို့​ကို အဘယ်မှာ​ထိန်းကျောင်း​နေ​သည်​ကို အကျွန်ုပ်​အား​ပြောပြ​ပါ​”​ဟု ဆို​လျှင် ထို​လူ​က “​သူ​တို့​သည် ဤ​နေရာ​မှ​ထွက်သွား​ကြ​ပြီ​။ ‘​ဒေါသန်​အရပ်​သို့ ငါ​တို့​သွား​ကြ​စို့​’​ဟု သူ​တို့​ပြောဆို​နေ​ကြ​သည်​ကို ငါ​ကြား​သည်​”​ဟု ဆို​၏​။ ထို့ကြောင့် ယောသပ်​သည် မိမိ​အစ်ကို​တို့​နောက်သို့​လိုက်သွား​ရာ ဒေါသန်​အရပ်​၌ သူ​တို့​ကို​တွေ့​လေ​၏​။ ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက် “​ကြည့်​ပါ​။ အိပ်မက်​ဆရာ​လာ​နေ​ပြီ​။ လာ​ကြ​။ သူ့​ကို​သတ်​ပြီး တွင်း​တစ်ခုခု​ထဲသို့​ပစ်ချ​လိုက်​ကြ​စို့​။ ‘​သားရဲတိရစ္ဆာန်​သည် သူ့​ကို​ကိုက်စား​ပြီ​’​ဟု ငါ​တို့​ပြော​ကြ​မည်​။ ထိုအခါ သူ​၏​အိပ်မက်​မည်သို့​ဖြစ်လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။ ရုဗင်​သည်​ကြား​လျှင် “​သူ့​ကို​မ​သတ်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​လျက် ယောသပ်​ကို သူ​တို့​လက်​ထဲမှ​ကယ်နုတ်​၏​။ တစ်ဖန် ရုဗင်​က “​သွေး​မ​သွန်း​ကြ​နှင့်​။ တောကန္တာရ​ရှိ ဤ​တွင်း​ထဲသို့ သူ့​ကို​ပစ်ချ​ကြ​စို့​။ သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ဤသို့​ဆို​ခြင်း​မှာ ယောသပ်​ကို သူ​တို့​လက်​မှ​ကယ်နုတ်​၍ ဖခင်​ထံသို့​ပြန်ပို့​ရန်​အတွက်​ဖြစ်​၏​။ ယောသပ်​သည် အစ်ကို​တို့​ထံသို့​ရောက်လာ​သောအခါ သူ​တို့​သည် ယောသပ်​ဝတ်ဆင်​ထား​သော​ရောင်စုံ​သင်တိုင်း​ကို ချွတ်​ပြီးလျှင် သူ့​ကို​ခေါ်သွား​၍ တွင်း​ထဲသို့​ပစ်ချ​လိုက်​ကြ​၏​။ ထို​တွင်း​သည် ရေ​မ​ရှိ​သော​တွင်းလွတ်​ဖြစ်​၏​။ ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။ ယုဒ​က မိမိ​ညီအစ်ကို​တို့​အား “​ငါ​တို့​သည် ညီ​ကို​သတ်​ပြီး သတ်​ကြောင်း​ကို​ဖုံးကွယ်​ထား​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။ မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။ ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင် ညီ​တို့​ထံသို့​ပြန်လာ​၍ “​သူငယ်​မ​ရှိ​တော့​ပါ​တကား​။ ငါ​မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် ယောသပ်​၏​သင်တိုင်း​ကို​ယူ​၍ ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို​သတ်​ပြီးလျှင် ဆိတ်​သွေး​ထဲ၌ ထို​သင်တိုင်း​ကို​နှစ်​လေ​၏​။ ထို့နောက် ထို​ရောင်စုံ​သင်တိုင်း​ကို ယူ​၍ ဖခင်​ထံသို့​ယူဆောင်​လာ​ကြ​ကာ “​အကျွန်ုပ်​တို့​သည် ဤ​သင်တိုင်း​ကို​တွေ့ရှိ​ပါ​သည်​။ အဖေ့​သား​၏​သင်တိုင်း​ဟုတ်​၊ မ​ဟုတ်​ကြည့်​ပါ​”​ဟု ဆို​ကြ​၏​။ ဖခင်​သည် ထို​သင်တိုင်း​ကို​မှတ်မိ​သဖြင့် “​ငါ့​သား​၏​သင်တိုင်း​ဖြစ်​၏​။ သူ့​ကို သားရဲတိရစ္ဆာန်​ကိုက်စား​လေ​ပြီ​။ ယောသပ်​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ခံရ​ပြီ​တကား​”​ဟု ပြောဆို​လေ​၏​။ ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။ သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။ အီဂျစ်​ပြည်​သို့​ရောက်​လျှင် မိဒျန်​လူမျိုး​တို့​က ယောသပ်​ကို ဖာရော​မင်းကြီး​၏​မှူးမတ်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​ပေါတိဖာ​ထံ ရောင်းလိုက်​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။