YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 37

37
ယောသပ်၏အိပ်မက်များ
1ယာကုပ်​သည် မိမိ​ဖခင်​တည်းခိုနေထိုင်​ရာ​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​၌ နေထိုင်​၏​။ 2ယာကုပ်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ယောသပ်​သည် အသက်​တစ်ဆယ့်​ခုနစ်​နှစ်​ရှိ​သောအခါ မိမိ​အစ်ကို​တို့​နှင့်အတူ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​၏​။ ယောသပ်​သည် အသက်ငယ်​သေး​သဖြင့် ဖခင်​၏​မယား​ဖြစ်​သော ဗိလဟာ​နှင့်​ဇိလပ​တို့​၏​သား​တို့​နှင့်အတူ​နေ​၍ သူ​တို့​၏​မကောင်းသတင်း​ကို ဖခင်​အား​ပြော​လေ့​ရှိ​၏​။
3အစ္စရေး​သည် ယောသပ်​ကို အသက်ကြီး​မှ​ရ​သောကြောင့် သား​အားလုံး​ထက် သူ့​ကို​ပို၍​ချစ်​သဖြင့် ရောင်စုံ​သင်တိုင်း​ကို သူ့​အတွက်​ချုပ်ပေး​၏​။ 4ဖခင်​က သူ့​ကို ညီအစ်ကို​အားလုံး​ထက်​ပို၍​ချစ်​ကြောင်း သူ့​အစ်ကို​တို့​သိမြင်​သောအခါ သူ့​ကို​မုန်း​၍ သူ့​အား​ချိုသာ​စွာ​မ​ပြောဆို​နိုင်​ကြ​ချေ​။
5ယောသပ်​သည် အိပ်မက်​မက်​၍ သူ့​အစ်ကို​တို့​အား​ပြောပြ​သောအခါ သူ​တို့​သည် သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။ 6ယောသပ်​က သူ​တို့​အား “​အကျွန်ုပ်​မက်​သော အိပ်မက်​ကို ပြောပြ​မည်​။ နားထောင်​ကြ​ပါ​။ 7အကျွန်ုပ်​တို့​သည် လယ်​၌ ကောက်လှိုင်း​များ​စည်း​နေ​ကြ​ရာ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​သည် ထ​၍ မတ်တတ်ရပ်​လေ​၏​။ ထိုအခါ အစ်ကို​တို့​၏​ကောက်လှိုင်းစည်း​များ​သည် ဝိုင်း​လာ​၍ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ဆို​လေ​၏​။
8သူ့​အစ်ကို​တို့​က​လည်း “​သင်​သည် ငါ​တို့​ကို အမှန်ပင်​စိုးစံ​မည်လော​။ ငါ​တို့​ကို အမှန်ပင်​အုပ်စိုး​မည်လော​”​ဟု ဆို​၍ သူ​၏​အိပ်မက်​ကြောင့်​လည်းကောင်း​၊ သူ​၏​စကား​တို့​ကြောင့်​လည်းကောင်း သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။
9တစ်ဖန် ယောသပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​သဖြင့် မိမိ​အစ်ကို​တို့​အား “​အကျွန်ုပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​၏​။ နေ​၊ လ​နှင့် ကြယ်​တစ်ဆယ့်​တစ်​လုံး​တို့​သည် အကျွန်ုပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ပြောပြ​လေ​၏​။
10ထိုသို့ သူ​သည် မိမိ​ဖခင်​နှင့်​အစ်ကို​တို့​အား​ပြောပြ​သောအခါ ဖခင်​က “​သင်​မက်​သော​အိပ်မက်​ကား မည်သို့​နည်း​။ စင်စစ် ငါ​နှင့် သင့်​မိခင်​၊ သင့်​အစ်ကို​တို့​သည် သင့်​ရှေ့​သို့​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ရ​မည်လော​”​ဟု ဆို​လျက် သူ့​ကို​ဆုံးမ​လေ​၏​။ 11အစ်ကို​တို့​သည် သူ့​ကို​မနာလို​ဖြစ်​ကြ​၏​။ ဖခင်​မူကား ထို​အကြောင်းအရာ​ကို စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏​။
ကျွန်အဖြစ် ယောသပ်ရောင်းစားခံရခြင်း
12ထို့နောက် ယောသပ်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​တွင် ဖခင်​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​ရန်​ထွက်ခွာ​သွား​ကြ​၏​။ 13အစ္စရေး​က ယောသပ်​အား “​သင်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​၌ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​နေ​သည်​မ​ဟုတ်​လော​။ လာ​ပါ​။ သင့်​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်​”​ဟု ဆို​လျှင် သူ​က “​ဟုတ်ကဲ့​ပါ​”​ဟု ဆို​၏​။ 14ဖခင်​က​လည်း “​ယခု သွား​၍ သင့်​အစ်ကို​တို့​၏​အခြေအနေ​၊ သိုးဆိတ်​တို့​၏​အခြေအနေ​ကို ကြည့်ရှု​ပြီးလျှင် ငါ့​ကို​ပြန်လာ​ပြောပြ​လော့​”​ဟု ဆို​ပြီး သူ့​ကို​ဟေဗြုန်​ချိုင့်ဝှမ်း​မှ​စေလွှတ်​လိုက်​၏​။ ယောသပ်​သည် ရှေခင်​မြို့​သို့​ရောက်​ပြီး 15ကွင်းပြင်​၌ လှည့်လည်​နေ​စဉ် လူ​တစ်​ယောက်​က သူ့​ကို​တွေ့​၍ “​ဘာ​ကို​ရှာ​နေ​သနည်း​”​ဟု သူ့​အား​မေး​လေ​၏​။ 16သူ​က​လည်း “​အကျွန်ုပ်​၏​အစ်ကို​တို့​ကို ရှာ​နေ​ပါ​သည်​။ သူ​တို့​သည် သိုးဆိတ်​တို့​ကို အဘယ်မှာ​ထိန်းကျောင်း​နေ​သည်​ကို အကျွန်ုပ်​အား​ပြောပြ​ပါ​”​ဟု ဆို​လျှင် 17ထို​လူ​က “​သူ​တို့​သည် ဤ​နေရာ​မှ​ထွက်သွား​ကြ​ပြီ​။ ‘​ဒေါသန်​အရပ်​သို့ ငါ​တို့​သွား​ကြ​စို့​’​ဟု သူ​တို့​ပြောဆို​နေ​ကြ​သည်​ကို ငါ​ကြား​သည်​”​ဟု ဆို​၏​။ ထို့ကြောင့် ယောသပ်​သည် မိမိ​အစ်ကို​တို့​နောက်သို့​လိုက်သွား​ရာ ဒေါသန်​အရပ်​၌ သူ​တို့​ကို​တွေ့​လေ​၏​။
18ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက် 19“​ကြည့်​ပါ​။ အိပ်မက်​ဆရာ​လာ​နေ​ပြီ​။ 20လာ​ကြ​။ သူ့​ကို​သတ်​ပြီး တွင်း​တစ်ခုခု​ထဲသို့​ပစ်ချ​လိုက်​ကြ​စို့​။ ‘​သားရဲတိရစ္ဆာန်​သည် သူ့​ကို​ကိုက်စား​ပြီ​’​ဟု ငါ​တို့​ပြော​ကြ​မည်​။ ထိုအခါ သူ​၏​အိပ်မက်​မည်သို့​ဖြစ်လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။
21ရုဗင်​သည်​ကြား​လျှင် “​သူ့​ကို​မ​သတ်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​လျက် ယောသပ်​ကို သူ​တို့​လက်​ထဲမှ​ကယ်နုတ်​၏​။ 22တစ်ဖန် ရုဗင်​က “​သွေး​မ​သွန်း​ကြ​နှင့်​။ တောကန္တာရ​ရှိ ဤ​တွင်း​ထဲသို့ သူ့​ကို​ပစ်ချ​ကြ​စို့​။ သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ဤသို့​ဆို​ခြင်း​မှာ ယောသပ်​ကို သူ​တို့​လက်​မှ​ကယ်နုတ်​၍ ဖခင်​ထံသို့​ပြန်ပို့​ရန်​အတွက်​ဖြစ်​၏​။
23ယောသပ်​သည် အစ်ကို​တို့​ထံသို့​ရောက်လာ​သောအခါ သူ​တို့​သည် ယောသပ်​ဝတ်ဆင်​ထား​သော​ရောင်စုံ​သင်တိုင်း​ကို ချွတ်​ပြီးလျှင် 24သူ့​ကို​ခေါ်သွား​၍ တွင်း​ထဲသို့​ပစ်ချ​လိုက်​ကြ​၏​။ ထို​တွင်း​သည် ရေ​မ​ရှိ​သော​တွင်းလွတ်​ဖြစ်​၏​။
25ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။
26ယုဒ​က မိမိ​ညီအစ်ကို​တို့​အား “​ငါ​တို့​သည် ညီ​ကို​သတ်​ပြီး သတ်​ကြောင်း​ကို​ဖုံးကွယ်​ထား​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ 27လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။ 28မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်#37:28 “15 ကျပ်သား သို့မဟုတ် 230 ဂရမ်”။​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။
29ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင် 30ညီ​တို့​ထံသို့​ပြန်လာ​၍ “​သူငယ်​မ​ရှိ​တော့​ပါ​တကား​။ ငါ​မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု ဆို​လေ​၏​။ 31သူ​တို့​သည် ယောသပ်​၏​သင်တိုင်း​ကို​ယူ​၍ ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို​သတ်​ပြီးလျှင် ဆိတ်​သွေး​ထဲ၌ ထို​သင်တိုင်း​ကို​နှစ်​လေ​၏​။ 32ထို့နောက် ထို​ရောင်စုံ​သင်တိုင်း​ကို ယူ​၍ ဖခင်​ထံသို့​ယူဆောင်​လာ​ကြ​ကာ “​အကျွန်ုပ်​တို့​သည် ဤ​သင်တိုင်း​ကို​တွေ့ရှိ​ပါ​သည်​။ အဖေ့​သား​၏​သင်တိုင်း​ဟုတ်​၊ မ​ဟုတ်​ကြည့်​ပါ​”​ဟု ဆို​ကြ​၏​။
33ဖခင်​သည် ထို​သင်တိုင်း​ကို​မှတ်မိ​သဖြင့် “​ငါ့​သား​၏​သင်တိုင်း​ဖြစ်​၏​။ သူ့​ကို သားရဲတိရစ္ဆာန်​ကိုက်စား​လေ​ပြီ​။ ယောသပ်​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ခံရ​ပြီ​တကား​”​ဟု ပြောဆို​လေ​၏​။ 34ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။ 35သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။
36အီဂျစ်​ပြည်​သို့​ရောက်​လျှင် မိဒျန်​လူမျိုး​တို့​က ယောသပ်​ကို ဖာရော​မင်းကြီး​၏​မှူးမတ်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​ပေါတိဖာ​ထံ ရောင်းလိုက်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 37: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ